ဆင်ဖြူကျွန်းတွင် မိုခါမုန်တိုင်းကြောင့်သေဆုံးသူ ၃ ဦးအထိရှိလာ

အလွန်ပြင်းထန်သော ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ ရုတ်တ ရက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကာ မကွေးတိုင်း စလင်းမြို့နယ်တွင် သေဆုံးသူ ၃ ဦးအထိရှိ လာပြီဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံတို့ထံမှ သိရသည်။
တစ်နာရီ မိုင် ၁၃၀ ကျော်ဖြင့် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်သည့် မိုခါမုန်တိုင်းကြောင့် ဧရာဝတီမြစ်နှင့် စလင်းချောင်းပေါင်းစုံရာ ဆင်ဖြူကျွန်းမြို့အနီးတွင် မြစ်ရေအလုံးရင်းဝင်ရောက် လာစဉ် ဒေသခံသုံးဦးမှာ မေလ ၁၄ မွန်းလွဲပိုင်းကတည်းက ရေစီးနှင့်အတူ မျောပါပျောက်ဆုံးနေ ခြင်းဖြစ်သည်။
ဆင်ဖြူကျွန်းမြို့ ပြည်စိုးကုန်းရပ်ကွက်မှ သားအမိနှစ်ဦးဖြစ်သည့် အသက် ၇၀ အရွယ် ဒေါ်အေး သန်း၊ အသက် ၄၀ ကျော်အရွယ် ဒေါ်အေးသင်းစိုးနှင့် ထိုမြို့အနီး နွယ်တမယ်ရွာမှ မသန်စွမ်းတစ်ဦး ဖြစ်သည့် အသက် ၂၀ ကျော်အရွယ် ကိုရှိန်းထက်အောင်တို့အလောင်းကို နောက်တစ်ရက်တွင် ပြန်တွေ့ရကြောင်း မြို့ခံကြက်ခြေနီအသင်း တာဝန်ရှိသူတစ်ဦးနှင့် နွယ်တမယ်ရွာသားတစ်ဦးက ပြောသည်။
မိခင်ဖြစ်သူ ဒေါ်အေးသန်း ရုပ်အလောင်းကို ယမန်နေ့ (မေ ၁၅) နံနက်ပိုင်းတွင် တွေ့ရှိခဲ့ပြီး သမီးဖြစ် သူ၏ ရုပ်အလောင်းကို ညနေပိုင်း၌ ဆင်ဖြူကျွန်းမြို့အနီး စမ်းတွင်းကျေးရွာ ဧရာဝတီမြစ်ကမ်း ဘေးတွင် တွေ့ရှိခဲ့သည်ဟု ကြက်ခြေနီအသင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဆေးရုံက ရင်ခွဲရုံပို့ထားတယ်ပြောတယ်။ ဆေးရုံကလည်း နွံတွေဝင်နေတဲ့အခါကြတော့ သန့်ရှင်း ရေး လုပ်နေတုန်းပေါ့။ ကျွန်တော်တို့လည်း ကိုယ့်အိမ်တွေကိုယ် မလုပ်နိုင်သေးဘူး။ ကယ်ဆယ်ရေး တွေကို ပတ်ထွက်နေတဲ့အခါကြတော့။ လက်ရှိမြို့ပေါ်မှာ နှစ်ဦးအကြမ်းဖျင်းသေဆုံးတယ်” ဟု ၎င်းက ဆိုသည်။
ဆင်ဖြူကျွန်းတစ်ဖက်ကမ်း နွယ်တမယ်ရွာမှ ကိုရှိန်းထက်အောင်သည် မေလ ၁၄ ရက် မွန်းလွဲပိုင်း တွင် ချောင်းအတွင်းဖွင့်ထားသည့် ဈေးဆိုင်သိမ်းရာမှ ရေစီးနှင့်အတူမျောပါသွားခြင်းဖြစ်ပြီး ရုပ် အလောင်းကို နောက်တစ်ရက် ညနေဘက်တွင် ပြန်တွေ့ကြောင်း နွယ်တမယ်ရွာခံ အမျိုး သား တစ်ဦးက ပြောသည်။
“ချောင်းထဲမှာပါ။ အရင်က ကုန်းပေါ်မှာ ဖွင့်တာပါ။ ကိုဗစ်ကာလကနေ အခုအချိန် ထိ ချောင်းထဲမှာ ဖွင့်ထားတာပါ။ အပေါ်စျေး၊ အောက်စျေးနှစ်မျိုးရှိပါတယ်။ အခု ဒီကလေးသေဆုံးမူ့မှာလည်း အောက်စျေးက သူမိဘ ပစ္စည်းတွေ ပြေးသိမ်းနေရင်နဲ့ ရေထဲမှာပါသွားတယ်လို့ သတ်မှတ်လို့ ရပါတယ်” ဟု ၎င်းက ဆိုသည်။
ရေစီးကြောင့် စလင်းချောင်းဘေးရှိ နေအိမ်အချို့ အလုံးလိုက်ကျွတ်ပါသွားကာ အသက်ဘေးလွတ် ကင်းအောင် ဦးစားပေးတိမ်းရှောင်ခဲ့ရသဖြင့် နေအိမ်တွင်းရှိ ပစ္စည်းများ ပျက်စီးဆုံရှုံးသွားသည်ဟု ဆင်ဖြူကျွန်းမြို့ခံ အမျိုးသားတစ်ဦးက ယမန်နေ့တွင် ပြောသည်။
ဆင်ဖြူကျွန်းမြို့ အပါအဝင် စလင်းချောင်းဘေးတလျှောက်ရှိ နွယ်တမယ်၊ ငှက်ပျောတော၊ ရွာ သစ်ကြီး၊ ဖုံးမိုကုန်း ၊ ယမ်းဘိုကုန်း၊ သရက်ချဉ်၊ တောင်ပို၊ ချောင်းဖြူ စသည့် ကျေးရွာများလည်း ရေကြီးနစ်မြှုပ်သည်ဟု သိရသည်။
အလွန့်အလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့်ရခိုင်ပြည် နယ်တွင် အကြီးအကျယ် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများ၌ သေဆုံးသူ ရာချီရှိနေကြောင်း ကနဦးသတင်းများ ထွက်ပေါ်နေသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ရ သေ့တောင်မြို့နယ် ဒုံးပိုက်ရွာ၌ ဒေသခံများခိုလှုံနေသည့် ဓမ္မာရုံပြိုကျမှုသဖြင့် သေဆုံးသူ ၁၄ ဦးရှိသည်ဟု လွှတ် တော်အမတ်ဟောင်း ဒေါ်ခင်စောဝေက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။
မိုခါမုန်တိုင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူ ၃ ဦးသေဆုံး ထိခိုက်ဒဏ်ရာရသူ ၁၃ ဦးရှိသည် ဟု အာဏာသိမ်း စစ်ကောင်စီက ယ မန်နေ့တွင် ထုတ်ပြန်သည်။ myanmar now