ဆင်ဖြူကျွန်းမြို့ ရေတက်လာစဉ် လူပျောက်ကြော်ငြာခဲ့သည့် အမျိုးသမီး ၂ ဦး၏ ရုပ်အ လောင်းပြန်တွေ့

မကွေးတိုင်း၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့တွင် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း ကုန်းတွင်းစတင်ဝင်ရောက်လာသော မေလ ၁၄ ရက်နေ့က တောင်ကျရေများနှင့် မိုးကြောင့် ရေကြီးရေလျှံကာ ကျေးရွာများရေနစ်ချိန် ဆင်ဖြူကျွန်းမြို့ပေါ်မှ အမျိုးသမီးနှစ်ဦး ရေစီးနှင့်အတူ မျောပါ ပျောက်ဆုံးသွားသောကြောင့် မိသားစုများမှ လူပျောက်ကြော်ငြာခဲ့သည်။
ပျောက်ဆုံးခဲ့သူများမှာ ဒေါ်အေးသန်း (အသက် ၇၀ နှစ်)နှင့် သမီးဖြစ်သူ ဒေါ်ယဉ်မင်းစိုး (အသက် ၄၄ နှစ်)တို့ဖြစ်ကြပြီး ဒေါ်အေးသန်းကိုမူ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် အလောင်းပြန်တွေ့ခဲ့ပြီး သမီးဖြစ်သူ၏ ရုပ်အလောင်းကိုမူ ည ၈ နာရီခန့်၌ ရှာဖွေအတည်ပြုနိုင်ခဲ့သည်ဟု မိသားစုဝင်တစ်ဦးမှ ပြောသည်။
“ကျွန်တော်တို့က ရန်ကုန်မှာအလုပ် သွားလုပ်နေကြတာ။ ဒီလောက်အထိဖြစ်သွားလိမ့်မယ်လည်း ထင်မထားဘူးလေဗျာ။ တခြားသေဆုံးသူ ပျောက်ဆုံးသူတွေလည်းရှိတယ်ကြားထားပါတယ်။ အခုတော့ ဘာကိုမှအာရုံမစိုက်နိုင်သေးဘူး နာရေးကိုပဲ” ဟု မိသားစုဝင်မှပြောသည်။
“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ် စစ်တွေမြို့မှ တစ်ဆင့် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ဖြတ်ကျော်နေစဉ် မေလ ၁၄ ရက်နေ့တွင် မကွေးတိုင်းအတွင်း မိုးကြီးကာ တောင်ကျရေများကြောင့် ချောင်းရေမြစ်ရေများလျှံခြင်း ဆည်များ ရေကျော်ခြင်းများဖြစ်ပွားပြီး စလင်းမြို့ နယ် ရှိ ကျေးရွာ ၂၀ ခန့်နှင့်၊ ဆင်ဖြူကျွန်းမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာခန့် ရေနစ်မြုပ်ကာ ရေစီးသန်ခဲ့သည်။
ဒေသခံများမှ ထိုကဲ့သို့ဖြစ်မည်ဟု ကြိုတင်မတွက်ဆထားမိသောကြောင့် မုန်တိုင်းရှောင်ခြင်းမပြုမိကြဘဲ နေအိမ်များအတွင်းတွင်သာ ပိတ်မိနေခဲ့ကြပြီး တချို့မှာလည်း ရေစီးနှင့်အတူမျောပါသွားခဲ့ကြသည်။
အဆိုပါ သားအမိနှစ်ဦးအပြင် ဆင်ဖြူကျွန်းမြို့ အနောက်ဘက်ရှိ နွယ်တမယ်ကျေးရွာသား အသက် ၂၂ အရွယ် အမျိုးသားတစ်ဦးလည်း ဆင်ဖြူကျွန်းအောက်ဈေးရှိ၎င်းတို့၏ဆိုင်ခန်းမှ ပစ္စည်းများမျောမပါစေရန် သယ်ယူရင်းရေမျောပါ သေဆုံးခဲ့ရကြောင်း ဒေသခံများမှပြောသည်။
အလားတူ ရွှေလှေရပ်ကွက်မှ သားအဖနှစ်ဦးရေတက်ချိန်တွင်ပျောက်ဆုံးခဲ့ပြီး သားဖြစ်သူ ကလေးငယ်၏ ရုပ်အလောင်းကိုသာ ပြန်လည်တွေ့ရှိထားပြီဖြစ်ကြောင်း ဆင်ဖြူကျွန်းဒေသခံမှပြောသည်။
ရေစီးဖြင့်မျောပါခဲ့သူများမှာ အများအပြားရှိခဲ့ပြီး ကူညီကယ်ဆယ်ရေးအသင်းများနှင့် ဒေသခံများအချင်းချင်း ပြန်လည်ဆယ်ယူကယ်ယူခဲ့မှုများကြောင့် အသက်ဘေးမှလွတ်ခဲ့ရသူများလည်း အများအပြားရှိကြောင်း သိရသည်။
လက်ရှိတွင် ဆင်ဖြူကျွန်းမြို့နှင့်အနီးကျေးရွာများ၌ ရေများပြန်ကျသွားပြီဖြစ်သော်လည်း နုန်းများကျန်နေခြင်းနှင့် သစ်ပင်သစ်ကိုင်းများ မျောပါခဲ့ခြင်းတို့ကြောင့် သွားလာရေးမလွယ်ကူဘဲ ကူညီကယ်ဆယ်ရေးများလည်း ခက်ခဲလျက်ရှိကြောင်း သိရသည်။
ဆင်ဖြူကျွန်းမြို့တွင် သေဆုံးခဲ့သူလူဦးရေစာရင်းအား အတည်ပြုနိုင်ရန် မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ mizzima