မိုခါမုန်တိုင်းကြောင့် ၁၈ ဦး သေဆုံးပြီး စစ်ကိုင်းတွင် စိုက်ဧက ၃၁,၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးဟု NUG ထုတ်ပြန်

မေလ ၁၄ ရက်နေ့က တိုက်ခတ်သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် လူ ၁၈ ဦး သေဆုံးပြီး စစ်ကိုင်းတိုင်းတွင် စိုက်ဧက ၃၁,၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
သေဆုံးမှုမှာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် တစ်ဦး၊ မကွေးတိုင်း ဂန့်ဂေါတွင် အသက်(၆၇)နှစ် အရွယ် စစ်ရှောင်အဘွားအိုတစ်ဦး၊ စလင်းမြို့နယ်တွင် သားအမိနှစ်ဦး၊ ပေါက်မြို့နယ်တွင် အမျိုးသား တစ်ဦး၊ ရေစကြိုတွင် သားအဖနှစ်ဦး၊ ရခိုင်ပြည်နယ် စစ်တွေ၊ တောင်ဂုတ်နှင့် ရမ်းဗြဲတွင် တစ်ဦးစီ၊ မြောက် ဦးတွင် သုံးဦး၊ မန္တလေးတိုင်း ပြင်ဦးလွင်တွင် တစ်ဦး၊ ရှမ်းပြည်နယ် တာချီလိတ်တွင် နှစ်ဦး၊ ရန်ကုန်တိုင်း ကော့မှူးတွင် တစ်ဦးနှင့် ဧရာဝတီတိုင်းတွင် တစ်ဦး သေဆုံးခဲ့သည်ဟု NUG က ဆိုသည်။
သေဆုံးသူများမှာ ရေကြီးခြင်း၊ တောင်ကျရေကြောင့်သေဆုံးခြင်း၊ သစ်ပင်ပိခြင်း၊ အဆောက်အအုံအပျက် အစီးထိခိုက်မှုကြောင့် သေဆုံးခြင်း၊ မုန်တိုင်းရှောင်ရန်နေရာပြောင်းရွှေ့စဥ် သေဆုံးခြင်း၊ မြေပြိုခြင်းနှင့် မိုးကြိုးထိမှန်ခြင်းတို့ကြောင့် သေဆုံးရကြောင်း ဖော်ပြထားသည်။
အဆိုပါစာရင်းမှာ မေလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအထိရရှိထားသော အရေအတွက်သာဖြစ်ပြီး ဆက် သွယ်မှုပြတ်တောက်နေသည့် အချို့မြို့နယ်များ၏ ထိခိုက်ပျက်စီးမှုစာရင်းကို ဆက်လက်ကောက်ယူနေ ဆဲဖြစ်ကြောင်းလည်း အသိပေးထားသည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် နာမကျန်းဖြစ်ပွားသူများလည်းရှိပြီး နေအိမ် ပျက်စီးခြင်း၊ အခြေခံအဆောက်အအုံပျက်စီးခြင်း၊ လမ်း၊ တံတားပျက်စီးခြင်း၊ စိုက်ပျိုးသီးနှံများရေလွှမ်း မိုးခြင်းနှင့် ပျက်စီးခြင်းများ၊ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်များရေထဲမျောပါ သေ ဆုံးခြင်းများလည်း ဖြစ်ပွားခဲ့သည် ဟုလည်း ဆိုသည်။
စစ်ကိုင်းတိုင်းတွင် ကနီနှင့် ယင်းမာပင်မြို့နယ်တို့၌ မုန်တိုင်းဒဏ်ကြောင့် လူထိခိုက်သေဆုံးမှု၊ ပျက်စီး ဆုံးရှုံးမှုများရှိနေသည့်ကြားမှ အာဏာ သိမ်းစစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေသည့်အတွက် ကယ် ဆယ်ရေးများ မလုပ်နိုင်သေးကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ကွမ်းခြံများနှင့် စိုက်ခင်းများပျက်စီးမှုရှိသည့်အပြင် ခင်ဦးအနောက် ခြမ်း ၄၉ ရွာမှ ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း၊ ငရုပ်၊ ဂန္ဓမာပန်းခင်းများအပါအဝင် စိုက်ဧက ၁၀,၀၀၀ ကျော်၊ ပုလဲမြို့နယ်တွင် ရိက္ခာနှင့် စိုက်ပျိုးသီးနှံဧက ၁,၀၀၀ ကျော်၊ မြောင်တွင် ပဲတီစိမ်း၊ မတ်ပဲစသည့် စိုက်ခင်း ဧက ၁၀,၀၀၀ ခန့်၊ ရွှေဘိုတွင်လည်း စိုက်ဧက ၁၀,၀၀၀ ကျော် ရေလွှမ်းပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ထား သည်။
မကွေးတိုင်း ပခုက္ကူမြို့အနောက်ဘက်တွင်လည်း မုန်တိုင်းကြောင့် နှမ်းစိုက်ခင်းဧက ၅၀ ခန့်၊ ကွမ်းခြံ ၃၄ ခြံ၊ ကြက်သွန်ကုန်ချိန် ၂၀,၀၀၀ ခန့် ပျက်စီးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
NUG အနေဖြင့် မိုခါဆိုင်ကလုန်းမုန်တိုင်း အရေးပေါ်တုံ့ပြန်ရေးအတွက် ဒေါ်လာ ၁ သန်း ပံ့ပိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ mizzima