“မိုခါ”မုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေးအလှူငွေ သိန်းပေါင်း ၁၀၀,၀၀၀ ကျော် စစ်ကောင်စီရရှိထားတယ်လို့ ထုတ်ပြန်

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”အပြီး ပြန်လည်ထူထောင်ရေးအတွက် အလှူငွေ သိန်းပေါင်း ၁၀၀,၀၀၀ ကျော် စစ်ကောင်စီကရရှိထားသည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာတွင် ယနေ့ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေလ ၁၅ရက်နေ့ မနက်က ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာယာခန်းမတွင် နိုင်ငံအတွင်းက စီးပွားရေးလုပ်ငန်းရှင်များ၏ လှူဒါန်းမှုထိုကျပ်သိန်းပေါင်း ၁၀၀,၀၀၀ ကျော်ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်ခံရယူခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် ရခိုင်ပြည်နယ်အတွက် သိန်းပေါင်း ၇၀,၀၀၀ ကိုပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“မင်းအောင်လှိုင်(အာဏာသိမ်းစစ်ခေါင်းဆောင်)က သိန်းခုနစ်သောင်း ပေးတယ်သာကြားလိုက်ရတယ်၊ လက်ရှိမှာ ပြည်သူတွေ သုံးရေသောက်ရေအခက်အခဲ၊ စားသောက်ရေးအခက်အခဲကြုံနေတာတွေကို လာဝေတာ လာပို့တာတောင် မရှိသေးပါဘူး၊ မီးပြတ်နေတယ်၊ ဆက်လည်းပြတ်ဦးမှာဆိုတော့ အခက်အခဲတွေများနေတယ်။ လမ်းပေါ်က လဲနေတဲ့ဓာတ်တိုင်တွေ၊ သစ်ပင်တွေရှင်းတာတောင် အဓိကလုပ်နေတာက ဒေသတွင်းကူညီကယ်ဆယ်ရေးအသင်းတွေက လုပ်နေတာပါ” ဟု စစ်တွေမြို့နယ် လမ်းမတော်တောင်ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံတစ်ဦးမှ ပြောသည်။
၎င်းနှင့်ပတ်သက်၍ စစ်တွေမြို့တွင်နေထိုင်သည့် ပရဟိတလုပ်ကိုင်နေသော ဒေသခံတစ်ဦးကို မေးမြန်းရာ “ပြည်နယ်အစိုးရအလှူ၊ လေဘေးအလှူဆိုပြီးတော့ အစိုးရအဖွဲ့ ဆိုင်းဘုတ်ကပ်ပြီးတော့ ဆယ်ဘီးကား ကားကြီးတွေ ဝင်လာတာတော့တွေ့တယ်။ သုံးလေးစီးလောက် ဝင်ဖြတ်တာတွေ့တယ်။ လှူတာတော့ မတွေ့ဘူး” ဟု မဇ္ဈိမကို ပြောသည်။
အာဏာသိမ်း စစ်ကောင်စီကတော့ စစ်တွေမြို့မှာ ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ ဝါဒဖြန့် သတင်းစာတွေကနေ ထုတ်ပြန်နေပေမယ့်လည်း မြေပြင်မှာတော့ စစ်ကောင်စီနဲ့သက်ဆိုင်တဲ့ အစိုးရရုံးတွေမှာသာ ရှင်းလင်းရေးလုပ်နေတယ်လို့ ဒေသခံတွေက ပြောသည်။
“အင်တာနက်လိုင်းက အဆင်မပြေတော့ သူတို့ ဘယ်မှာလှူတယ်၊ ဘာလုပ်တယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် မသိရဘူး၊ ကျွန် တော်သိသလောက်ဆိုရင်တော့ သူတို့ အစိုးရရုံးတွေ ရှေ့မှာလောက်ပဲ ရှင်းလင်းတာတွေ့တယ်။ ဒီနေ့ မနက်ပိုင်းမှာဆိုရင် အာကြိတ်တော်ကုန်းဘက်မှာ ရှင်းနေတာပဲတွေ့ခဲ့တယ်။ နှစ်နေရာပဲရှိတယ်”ဟု အဆိုပါ ပရဟိတလုပ်ကိုင်သူဒေသခံက မဇ္ဈိမကို ပြောသည်။
ထိုလှူဒါန်းငွေတွေကို ရခိုင်ပြည်နယ်အတွက်သာမက အခြားမုန်တိုင်းဒဏ်ခံခဲ့ရတဲ့နေရာတွေကိုပါ ခွဲဝေကာပြန်လည် လှူဒါန်းသုံးစွဲသွားမယ်လို့လည်း စစ်ကောင်စီခေါင်းဆောင်က ပြောခဲ့သေးသည်။
ပြောင်းရွှေ့မှုတွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်နိုင်ခဲ့မှုကြောင့် သေဆုံးသူ နည်းပါးခဲ့တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့သည်။
မေလ ၁၅ရက်နေ့ ညပိုင်းအထိကို “မိုခါ”ကြောင့် သေဆုံးသူ ငါးဦးအထိသာရှိကြောင်း စစ်ကောင်စီက သတ်မှတ်ပြောဆိုထားသော်လည်း မဇ္ဈိမက စုံစမ်းသိရှိရသည့် ဒေသတွင်းသတင်းများအရ ၂၀ ကျော်သေဆုံးကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ထုတ်ပြန်ချက်အရ မေလ ၁၈ ရက်နေ့ နေ့လယ် ၂နာရီအထိ ၁၈ ဦးသေဆုံးကြောင်း ထုတ်ပြန်ထားကာ “မိုခါ”မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုအခြေအနေများကို ထပ်မံထုတ်ပြန်ပေးသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးထားသည်။ mizzima