မိုခါမုန်တိုင်းအရှိန် လေပြင်းကြောင့် မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာ ၁ ရွာလုံးနီးပါးထိခိုက်ပျက်စီးဟုဆို

မိုခါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခဲ့ရာချင်းပြည်နယ်၊ မတူပီမြို့နယ်၊ဖနိုင်ကျေးရွာမှ နေအိမ်အများအပြား ပျက်စီးခဲ့ပြီး ဘေးသင့်ဒေသခံများသည် ခိုင်ခန့်သည့်နေအိမ်အချို့တွင် စုပေါင်း၍ ယာယီ ခိုလှုံနေကြရကြောင်းသိရသည်။
မတူပီမြို့နယ်တွင် မေလ ၁၂ရက်မှ မေလ ၁၄ရက်ညအထိ လေပြင်းတိုက်ခိုက်ခဲ့ပြီးနောက် ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ အိမ်ခြေ ၂၀၀ခန့်ရှိသော ဖနိုင်ကျေးရွာသည် တစ်ရွာလုံးနီးပါး ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများကပြောသည်။
” ရွာထဲမှာတစ်ရွာလုံးနီးပါး အိမ်ခေါင်မိုးတွေမရှိကြတော့ဘူး။နေအိမ် သုံးလုံးကတော့လုံးဝပျက်စီးသွားတယ်။ဘုရားကျောင်းသုံးကျောင်း၊ စာ သင်ကျောင်း (၄)ကျောင်းနဲ့ဝန်ထမ်းအိမ်ယာ တွေလည်းပျက်စီးတဲ့အထဲမှာပါတယ်’’ဟုဖနိုင်ကျေးရွာသားတစ်ဦးက မဇ္ဈိမကို ပြောသည်။
ဖနိုင်ကျေးရွာသည် မတူပီမြို့ပေါ်နှင့်ကပ်လျက်ရှိသော ရွာကြီးတစ်ရွာဖြစ်သည်။ ယခုအခါ လေဘေးသင့်ပြည်သူများ၏ နေအိမ်များကို ပြန် လည်ပြင်ဆင်နေပြီဟု သတင်းရရှိသည်။
မတူပီမြို့ပေါ်တွင်လည်း မေလ ၁၃ရက်နှင့် ၁၄ရက်က လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လောင်ဗန်းရပ်ကွက်၊ ဘောလုံးကွင်းအောက်ပိုင်းရှိ နေအိမ် သုံးလုံးပျက်စီးခဲ့သည်။ ထို့အပြင် သစ်ပင်ကြီးအချို့လဲကျခဲ့ပြီး ဈေးတန်းဆိုင်ခန်းများအားလုံးလည်း ပျက်စီးသွားကြောင်းသိရသည်။
စစ်ကောင်စီက အင်တာနက်လိုင်း ဖြတ်တောက်ထား၍ ဒေသခံများ မုန်တိုင်းသတင်းအချက်အလက်ရရန် ခက်ခဲခဲ့သည်ဟု မတူပီမြို့ခံတစ်ဦးကပြောသည်။ မုန်တိုင်းသတိပေးချက်များကို မတူပီမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပေးခဲ့သည်ကို တွေ့ရသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ” (MOCHA)သည်ယမန်နေ့ မေလ၁၅ရက်တွင် ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီး အားပျော့ပျက်ပြယ်သွားပြီဖြစ်သည်။ mizzima