မိုခါ မုန်တိုင်းဒဏ်သင့် မံစီမြို့နယ် မိုင်ကုန်ကျေးရွာက နေအိမ်များ ပြန်လည်ပြင်ဆင်နေ

ကချင်ပြည်နယ်၊ မံစီမြို့နယ်က မိုင်ကုန်ကျေးရွာဟာ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် တရွာလုံးနီးပါး ပျက်စီးခဲ့ရပြီး မုန်တိုင်းလွန်ကာလ မေ ၁၅ ရက်က ရရာပစ္စည်းတွေနဲ့ အိမ်တွေကို ပြုပြင်နေရကြောင်း သိရပါတယ်။
ဘာသာရေးခေါင်းဆောင်တဦးက “ဘာသာရေး လူမှုရေး အကြီးအကဲတွေနဲ့ ရွာသားတွေ မနေ့ကတည်းက ပြင်ဆင်နေကြတယ်။ သွပ်တွေ ဘာတွေ အသစ်မဖြစ်နိုင်ပါဘူး။ အပေါက်အပြဲတွေ လက်ကျန်ပစ္စည်းတွေနဲ့ပဲ ပြင်ဆင်နေရတာပါ။ ပြင်နေရင်း မိုးတွေရွာတော့ အဆင်မပြေဘူးပေါ့” လို့ ပြောပါတယ်။
ဆေးပေးခန်း ပျက်စီးသွားသလို စပါးပုံတွေလည်း မိုးစိုကုန်တယ်။ မိုးဆက်ရွာနေတော့ မိုးတွင်းစာလည်း စပါးအပုပ်စားရတော့မယ့် အနေအ ထား ဖြစ်နေကြောင်း၊ သစ်ကြားသီးပင်တွေလည်း ကျိုးကျကုန်ပြီး လေပြင်းဒဏ်ကို ပြင်းပြင်းထန်ထန် ကြုံတွေ့ရတာကြောင့် အရမ်းထိတ်လန့်ခဲ့ရကြောင်းလည်း ဆိုပါတယ်။
အိမ်ခြေ ၄၃ အိမ်ရှိပြီး လူဦးရေ ၃၅၀ နေထိုင်တဲ့ မိုင်ကုန်ကျေးရွာဟာ ရွာသက်ရင့်ကျေးရွာတရွာ ဖြစ်ပေမဲ့ ခုချိန်ထိ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့တဲ့ အနေအထားမှာ မရှိတဲ့ ရွာတရွာလည်း ဖြစ်ပါတယ်။
အဲဒီရွာမှာ MEC ဆင်းမ်ကတ်ကလွဲရင် ကျန်တဲ့ အော်ပရေတာတွေကျ လိုင်းမိတဲ့နေရာထိ သွားရပြီး ဆိိုလာဘက်ထရီမီးကိုပဲ အသုံးပြုနေရကြောင်းလည်း သိရပါတယ်။ DVB