မုန်တိုင်းကြောင့် သေဆုံးသည့် ရိုဟင်ဂျာများကို မြှုပ်နှံ


ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် မိုခါမုန်တိုင်းကြောင့် သေဆုံးခဲ့သူများကို ယနေ့ (မေလ ၁၆) နံနက်ပိုင်းက မြုပ်နှံနေပုံများဖြစ်သည်။ ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် သေဆုံးသူ အနည်းဆုံး ၄၁ ဦးရှိသည်ဟု AFP သတင်းဌာနက ရေးသားသည်။
စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် သေဆုံးသူ ရာချီရှိနေသည်ဟု အတည်မပြုနိုင်သေးသည့် ကနဦးသတင်းများထွက်ပေါ်နေသည်။ မုန်တိုင်းအတွင်း ရိုဟင်ဂျာဒုက္ခသည်များ သေဆုံးခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။ မိုခါမုန်တိုင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူ ၃ ဦးသေဆုံး ထိခိုက်ဒဏ်ရာရသူ ၁၃ ဦးရှိ ကြောင်း စစ်ကောင်စီက ယမန်နေ့တွင် ထုတ်ပြန်သည်။
မုန်တိုင်းရောက်မလာမီ ဒေသခံအများစု ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ကြသော်လည်း စစ်တွေမြို့ အပြင်ဘက် ပင်လယ်ပြင်နှင့်နီးသည့် ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ရွှေ့ပြောင်းနေထိုင်းခြင်း မရှိဟု သိရသည်။
ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါမှာ ယခုလ ၁၄ ရက်နေ့ မွန်းလွဲပိုင်း၌ စစ်တွေမြို့အနီးမှ နေ ၍ တစ်နာရီလျှင် မိုင် ၁၄၀ ကျော်ဖြင့် ကုန်းတွင်းပိုင်းဖြတ်ကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မိုခါ မုန် တိုင်းဗဟိုချက်အတွင်း ကျရောက်ခဲ့သော စစ်တွေမြို့အပါဝင် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် အကြီးအကျယ်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကာ ထိခိုက်သေဆုံးမှုများလည်း ဆက်လက်ထွက်ပေါ်နေသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ဒုံးပိုက်ရွာ၌ ဒေသခံများခိုလှုံနေသည့် ဓမ္မာရုံပြိုကျမှုကြောင့် သေဆုံးသူ ၁၄ ဦးရှိသည်ဟု လွှတ် တော်အမတ်ဟောင်း ဒေါ်ခင်စောဝေက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။ myanmar now