မုန်တိုင်းမိုးကြောင့် ချင်းတွင်းအနောက်ဘက်ကမ်းကျေးရွာ ၂၀ ခန့် ရေမြုပ်၊ သီးနှံဧက ပေါင်းများစွာ ပျက်စီးဆုံးရှုံး

“မိုခါ” မုန်တိုင်းအဖျားခတ်မှုကြောင့်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိကျေးရွာများ၊ ရေကြီးရေလျှံမှုဖြစ်ခဲဲ့ပြီး၊ စိုက်ပျိုးထားသောသီးနှံပင် ဧကပေါင်းများစွာပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“မရိတ်သိမ်းရသေးတဲ့ဟာတွေထဲကဆိုရင် မြေပဲ၊ နှမ်း၊ ပဲအမျိုးမျိုး၊ ဘူး၊ ဖရုံ အဲဒါတွေအကုန် ပျက်စီးတယ်၊ အဆိုးဆုံးကတော့ နှုတ်ပြီးမရောင်းရသေးတဲ့ဟာတွေ၊ အဲဒီထဲမှာ ကြက်သွန်ကအများဆုံးပါပဲ၊ ရေက ရင်ခေါင်းလောက်အထိ တက်တာဆိုတော့၊ အကုန် ကုန်တာပဲ” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့တစ်ဘက်ကမ်း(ချင်းတွင်းမြစ်အနောက်ဘက်ကမ်း)၊ ပုလဲ၊ ဆားလင်းကြီးနှင့်ယင်းမာပင်မြို့နယ်အတွင်းရှိ၊ ဇီးတောမြောက်ရွာ၊ နုံးကြီးရွာဟောင်း၊ ဆည်ကြီး၊ ထန်းတောကြီး၊ ရုံးလေပင်၊ ဒုန်တော၊ ဂုဏ်တော စသည့်၊ ၂၀ ထက်မနည်းသော ကျေးရွာများ ရေ၀င်နစ်မြုပ်မှုဖြစ်ခဲ့ကြောင်းသိရသည်။

“ရေစတက်တာက စစ်တွေကိုမုန်တိုင်းမ၀င်ခင်တက်တာ၊ မုန်တိုင်းဖြစ်နေချိန်က အဆိုးဆုံးကာလပဲ၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး အဲဒီဘက်ကကျေးရွာတွေအကုန် ညတွင်းချင်းတခြားပြောင်းရတယ်၊ ရေကျလို့အိမ်ပြန်တော့ စိုက်ထားသမျှသီးနှံပင်တွေ ပျက်စီးနေပြီ၊ ဧကအမြောက်အမြားလို့ပဲပြောနိုင်ဦးမယ်၊ အတိအကျမသိရသေးဘူး” ဟု ပုလဲမြို့ဒေသခံတစ်ဦးကပြောသည်။

ရခိုင်ကမ်းရိုးတန်းကို မုန်တိုင်းစတင်ထိတွေ့သည့်နေ့မှ၊ ကုန်းတွင်းပိုင်းကိုဖြတ်ကျော်၀င်ရောက်ပြီးပျက်ပြယ်သွားချိန်အထိ၊ နှစ်ရက်ခန့် အတွင်း၊ ချင်းတွင်းမြစ်၏မြစ်လက်တက်များရေကြီးရေလျှံခြင်း၊ မြောက်ယမားချောင်းနှင့် အလောင်းတော်ကဿပဘက်မှ စီးလာသော တောင်ကျရေများကြောင့် ရေ၀င်နစ်မြုပ်ခြင်းတို့ ဖြစ်ခဲဲ့ခြင်းကြောင်းသိရသည်။

လက်ရှိတွင်၊ နေအိမ်ပျက်စီးမှုများအား ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန်လည်ပြင်ဆင်နေပြီး၊ ပျက်စီးသွားသောသီးနှံများထဲက၊ ရသလောက်ပြန်ဆယ်ယူနေကြကြောင်း၊ ရေကြီးရေလျှံမှု၏ နောက်ဆက်တွဲအဖြစ် မြွေအန္တရာယ်နှင့်လည်း ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း ဒေသခံများကပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော မိုခါမုန်တိုင်းသည်၊ မေလ ၁၄ ရက်နေ့၌ ရခိုင်ပြည်နယ် စစ်တွေမြို့ကို အားအလွန့် အလွန်ကောင်း သောဆိုင်ကလုန်းမုန်တိုင်းအဖြစ် ၀င်ရောက်ခဲ့ပြီးနောက်၊ မြန်မာနိုင်ငံအထက်ပိုင်းကုန်းတွင်းပိုင်းကို ဖြတ်ကျော်ကာ တရုတ် နိုင်ငံအတွင်းအားပျော့ ပျက်ပြယ်သွားခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s