မုန်တိုင်းအကြောင်းပြကာ တာမွေမြို့နယ်တွင် အလှူကောက်ခံမှုများရှိနေ

မြန်မာနိုင်ငံသို့ ဦးတည်တိုက်ခတ်ခဲ့သည့် “မိုခါ” မုန်တိုင်းကို အကြောင်းပြကာ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်တွင် ယနေ့ မေလ ၁၆ ရက်နေ့၌ အလှူငွေကောက်ခံမှုများရှိနေကြောင်း ဒေသခံ၏ ပြောပြချက်အရ သိရသည်၊
“လမ်းထဲမှာ အလှူလိုက်ခံနေတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသများအတွက်ဆိုပြီး ပုံမှန်ရပ်ကွက်ထဲအလှူခံနေကျ လူကြီးတွေမဟုတ်ဘူး။ ၂၀၀ လှူတာကအစ မိုက်နဲ့အော်နေတယ် စိတ်ညစ်တယ်။” ဟူ၍ မေတ္တာညွန့်ရပ်ကွက်ရှိ လမ်းတစ်ခုတွင်နေထိုင်သော ဒေသခံက မဇ္ဈိမကို ပြောသည်။
အလှူကောက်ခံသူများမှာ ဆိုက်ကားပေါ်တွင် လော်စပီကာတင်ထားကာ ခုနစ်ယောက်ခန့် လှည့်ပတ်ကောက်ခံနေခြင်းဖြစ်ပြီး ဦးထုပ်များဆောင်းထားသဖြင့် မျက်နှာကိုမမြင်ရသော်လည်း သက်လတ်ပိုင်းအရွယ်ရှိသူများဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။ အလှူခံရာတွင်လည်း ခပ်သွက်သွက်ကောက်ခံပြီး လမ်းထဲမှ ထွက်သွားကြခြင်းဖြစ်သည်ဟုဆိုသည်။
တာမွေမြို့နယ်၏ နယ်မြေခံသတင်းများကိုဖော်ပြနေသော တယ်လီဂရမ်ချန်နယ်တစ်ခုတွင်တော့ ယနေ့ တွင် အလှူခံများ တာမွေမြို့နယ်အတွင်းဝင်ရောက်လာမှုနှင့်ပတ်သက်၍ “မုန်တိုင်းအပြီး ရခိုင်ပြည်နယ်အတွက်ဟုဆိုကာ ရပ်ကွက်ရုံးမှ သူတောင်းစားများ လမ်းအလိုက် အလှူငွေ မတရား ကောက်ခံနေကြောင်း သိရှိရ” ဟု၍ ဖော်ပြထားသည်ကို တွေ့ရသည်။ mizzima