မုန်းမြို့နယ်တွင် အမျိုးသမီး ၃ ဦးအပါအဝင် ဒေသခံ ၇ ဦးအား လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထား

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ရေအိုးစင်ကျေးရွာတွင် မေလ ၁၀ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့မှဖမ်းဆီးသွားသော အမျိုးသမီး သုံးဦးနှင့် အမျိုးသားလေးဦးအား မေလ ၁၆ ရက်နေ့အထိ အဆက်အသွယ်မရသေးကြောင်း KNU ဗဟို ကော်မတီဝင် ပဒိုစောကလယ်စေးက ပြောသည်။

“အမျိုးသမီးသုံးဦးအပါအဝင် အားလုံးပေါင်းခုနစ်ဦးကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားတဲ့နောက်မှာ တော့ ကျွန်တော်တို့အနေနဲ့ တိကျတဲ့အခြေအနေ မသိရသေးဘူး။ အဲဒါကြောင့် ဆက်လက်စောင့်ကြည့် နေရဆဲဖြစ်ပါတယ်” ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောကလယ်စေးက မဇ္ဈိမကိုပြောသည်။

မေလ ၁၀ ရက်နေ့ ညပိုင်းတွင် မုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာအတွင်းဝင်ရောက်၍ ဒေသခံ ၂၀ ဦး အား အစုလိုက်အပြုံလိုက် မီးရှို့သတ် ဖြတ်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းက ညောင်ပင်သာ ကျေး ရွာအနီးရှိ ရေအိုးစင်ကျေးရွာမှ ဒေသခံအမျိုးသားလေးဦးနှင့် ရေအိုးစင်ရွာသို့ အလည်လာသော အမျိုးသမီး သုံးဦး စုစုပေါင်းခုနစ်ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီဒေသခံခုနစ်ဦးက လောလောဆယ် သူတို့လှုပ်ရှားနေတဲ့ စစ်ကြောင်းထဲမှာရှိနေဆဲပဲလို့ ကျွန်တော်တို့ ယုံကြည်တယ်။ ဘာကြောင့်လည်းဆိုရင် သူတို့က လူသားဒိုင်းအဖြစ်အသုံးပြုချင်တဲ့အတွက် ခေါ်ဆောင် သွားခြင်းဖြစ်တယ်။ အခုလက်ရှိအထိတော့ သူတို့ပြန်မလွှတ်သေးဘူးဆိုတာ အသေအချာပဲဖြစ်ပါတယ်” ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောကလယ်စေးက ပြောသည်။

KNU တပ်မဟာ (၃) နယ်မြေ၊ မုန်းမြို့နယ်အတွင်း လှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ခံ ခလရ(၇၃)၊ ခမရ(၅၅၉)၊ ခမရ(၅၉၀)၊ အမှတ် (၆) စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ခလရ(၈၄)၊ တပ်မ(၉၉) လက် အောက်ခံ ခမရ(၁၅) တို့မှ တပ်သား များ ပါဝင်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် မုန်းမြို့နယ်အတွင်းတပ်စွဲထားဆဲဖြစ်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ပြုလုပ်နိုင် ခြေရှိသဖြင့် စောင့်ကြည့်နေဆဲဖြစ်ကြောင်း KNU က ထုတ်ပြန် ထားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ကလည်း စားဝတ်နေရေးအတွက် သွားလာနေသော ကျောက်ကြီးမြို့နယ်၊ ကျောက်မော်ဘုရားကြီးကျေးရွာမှ ဒေသခံငါးဦး၊ ကော်သာစေးကျေးရွာမှ ဒေသခံတစ်ဦး စုစုပေါင်း ခြောက် ဦးအား စစ်ကောင်စီတပ်ဖွဲ့က ပန်းအင်းကျေးရွာတွင်ဖမ်းဆီးသွားခဲ့ပြီး တစ်ဦးအား နေ့ချင်းပြန်လွှတ်ပေး ခဲ့သော်လည်း ကျန်ငါးဦးအား ဧပြီလ ၂၂ ရက်နေ့မှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s