မြန်မာပြည်မှ မုန်တိုင်းဖြတ်သွားပြီဖြစ်၍ အ စိမ်းရောင်အဆင့်သတ်မှတ်၊ မုန်တိုင်းအကြွင်း အကျန်တိမ်တိုက်များကြောင့် လေပြင်းသ တိထားရန်လို

မုန်တိုင်းဟာ မြန်မာနိုင်ငံမှ ဖြတ်ကျော်သွားခဲ့ပြီဖြစ်လို့ အစိမ်းရောင်အဆင့်ဟု သတ်မှတ်ကြောင်းနဲ့ အရှေ့- အရှေ့မြောက်ယွန်းယွန်းသို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ တရုတ်နိုင်ငံအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားခဲ့ပြီဖြစ်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
အင်းအားအလွန်ပြင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၄ ရက်ကစပြီး ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့အနီးကို စတင်ဝင်ရောက် တိုက်ခတ်ခဲ့နောက် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်စတဲ့ဒေသတွေကို ဆက်လက်ဝင်ရောက်ခဲ့ပြီး တရုတ်-မြန်မာနယ်စပ်အရောက်မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျှော့ ဝင်ရောက်သွားဖြစ်ပါတယ်။
မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတဝန်း ဒေသအနှံ့အပြားမှာ မိုးသက်လေပြင်းတွေ တိုက်ခတ်ပြီး သစ်ပင်တွေလဲကျ၊ လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဌာနဆိုင်ရာရုံးတွေ၊ စေတီဘုရား၊ ဘုန်းကြီးကျောင်းနဲ့ ဘာသာရေးအဆောက်အဦတွေ အများအပြား ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
မုန်တိုင်းမြန်မာနိုင်ငံကနေ ဖြတ်ကျော်သွားပြီးဖြစ်ပေမဲ့ မုန်တိုင်းမှအကြွင်း အကျန်တိမ်တိုက်တွေကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင် ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ လောက် တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနဲ့ ဒေသတချို့မှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးမယ်၊ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်ခန့် အထိတိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ (၈)ပေမှ (၁၂)ပေခန့်ရှိနိုင်တယ် လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်၊ မိုးကြီး၊ ရုတ်တရက် ရေကြီးမြေပြို ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုကို ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုပါတယ်။
ဒါ့အပြင် ပြည်တွင်း လေကြောင်းပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေ ယာဉ်တွေ သင်္ဘောတွေနေနဲ့ ကြိုတင်သတိပြုရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။ DVB