ယင်းမာပင်နှင့် ဆားလင်းကြီးဒေသတွင် မုန် တိုင်းရှောင်များ နေရပ်မပြန်နိုင်ကြသေး၊ အ ရေးပေါ်စားနပ်ရိက္ခာလိုအပ်နေ

မေလ ၁၄ ရက်က မြောက်ယမားဆည် လက်တံကျိုးတဲ့အတွက် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်ထဲက ရွာတွေမှာ ရေတက်လာတာကြောင့် ဒေသခံတွေက ညတွင်းချင်း တိမ်းရှောင်နေကြရတာမှာ မေလ ၁၆ ရက်မှာတော့ ရေကျသွားပေမဲ့ နုန်းတွေတင်ကျန်ပြီး နေအိမ်တွေမှာ မပြန်နိုင်သေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ယင်းမာပင်မြို့နယ်ထဲက ဘိန်းနွယ်ချောင်၊ ကျေးစာကျ၊ ရေကြည်ပင်နဲ့ ဆားလင်းကြီးမြို့နယ်ထဲက ဒုန်းတော၊ ဂုဏ်တောနဲ့ ရွာသာရွာတို့က အ ဆိုးဆုံးဖြစ်နေပြီး ဆည်လက်ကျိုးတာကြောင့် ရေက အရှိန်တဲ့ တက်လာတဲ့အတွက် အဝတ်အထည်နဲ့ စားသောက်ဖို့ မယူနိုင်ဘူးလို့ ဒေသခံတွေကို ကူညီပေးနေတဲ့ တက်ကြွလှုပ်ရှားသူ တစ်ယောက်က ပြောပါတယ်၊
“လောလောဆယ် ရေလွတ်တဲ့ နီးစပ်ရာရွာတွေ အိမ်၊ ဘုန်းကြီးကျောင်းတွေမှာ နေနေရတာပေါ့နော်။ နွံလည်း များတယ်။ ဘောဒိုက်တွေ အ မှိုက် တွေပေါ့၊ အဲဒါတွေရော အတော်ရှင်းယူရမယ့် အခြေအနေဗျ၊ ဝင်တဲ့ရေက အိမ်ခေါင်ထိ ရောက်တယ်ဗျ၊ အဆိုးဆုံးခံရတာကတော့ ဘိန်းနွယ်ချောင်နဲ့ ကျေးစာကျ အဆိုးဆုံးဖြစ်မယ်။ ရေကျသွားပြီးတော့ နွံတွေကျန်တယ်။ ပစ္စည်းတွေကတော့ မျောပါ ပျက်စီးပေါ့။ ရွာတွေထဲမှာ ခုတော့ ဝင်သန့်ရှင်းနေရတဲ့ အခြေအနေပေါ့။ ခုက ရေတက်လာတာ မြန်တော့ ဘာမှ မယူလိုက်နိုင်တော့ မျောပါကုန်တာ။ လောလောဆယ် စားဖို့နဲ့ အဝတ်အထည်တွေ အရေးပေါ်လိုအပ်နေပါတယ်” လို့ ပြောပါတယ်။
လတ်တလောမှာ နီးစပ်တဲ့ ဘုန်းကြီးကျောင်းနဲ့ အမြင့်ပိုင်းက နေအိမ်တွေမှာ စုနေကြရပြီး နေ့ခင်းဘက်တွေမှာ ရွာသန့်ရှင်းဖို့ စုပေါင်းလုပ် ဆောင်နေကြတယ်လို့ သိရပါတယ်။ ရွာတွေထဲ နုန်းတင်ကျန်မှုက ဆိုးဝါးတဲ့အတွက် နေအိမ်ပြန်နေကြဖို့ အချိန်ကြာနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မြန်မာနိုင်ငံအနှံ့မှာ ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတာဖြစ်ပြီး စစ်ကိုင်းတိုင်းထဲမှာလည်း လေပြင်းတိုက်ခတ်တာနဲ့ မိုးရွာတာတွေကြောင့် နေအိမ်ပြိုကျတာနဲ့ စိုက်ခင်းတွေ ရေဝင်ပြီး ပျက်စီးတာတွေလည်းရှိနေပါတယ်။ DVB