အလှူငွေများ အလေအလွင့်မဖြစ်စေရန်နှင့် ကုန်စျေးနှုန်းတင် အမြတ်ထုတ်နေမှုများ မလုပ်ကြရန် ULA/AA သတိပေး

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” နှင့်ပတ်သက်၍ အနယ်နယ်အရပ်ရပ်ရှိ ရက္ခိုင်ပြည်သူတို့၏ အလှူငွေများအလေအလွင့်မဖြစ်စေရန် ကပ်ဘေးကာလအတွင်း ကုန်စျေးနှုန်းမြှင့်တင် အမြတ်ထုတ်မှုများ မလုပ်ကြရန် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှသတိပေးစကား ပြောကြားသည်။

ယနေ့ မေလ ၁၆ ရက်နေ့တွင် မုန်တိုင်းနောက်ဆက်တွဲ အရေးပေါ်မိန့်ခွန်းပြောကြားစဉ်၌ ထို့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“မိုခါ” သဘာဝဘေးကပ်ဆိုးကို အာရက္ခပြည်သူ့အစိုးရအနေဖြင့် ရှိသ၍အရင်းအမြစ်များနှင့် ကျော်လွှားနိုင်ရန်ကြိုးစားဆောင်ရွက်နေသော် လည်း အလုံးစုံဖြေရှင်းနိုင်ရန် လုံလောက်မှု မရှိပါကြောင်းလည်း ဝန်ခံပြောသည်။

ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ NGO ၊ INGO များ၊ ဒေသတွင်း လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ပြည်ပရောက်ရက္ခိုင်ပြည်သူများမှ ဝိုင်းဝန်းကူညီပေးကြရန် ၎င်းက တိုက်တွန်းထားသည်။

ထိုသို့ကူညီရာတွင်လည်း ထောက်ပံ့မှုများအလေအလွင့်မဖြစ်စေရန် အာရက္ခပြည်သူ့အစိုးရမှ ဖွဲ့စည်းထားသော လူသားချင်းစာနာထောက် ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) နှင့်ချိတ်ဆက်ဆောင်ရွက်ကြရန် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တောင်းဆိုသည်။

သဘာဝဘေး၊ စစ်ဘေး၊ ကပ်ဘေးများ၌ အနယ်နယ်အရပ်ရပ်ရှိ ရက္ခိုင်ပြည်သူများမှ အကောင်းဆုံးကူညီလုပ်ဆောင်ခဲ့ကြကြောင်း ပြောသည်။

သို့သော် ပြည်သူ့အစိုးရအနေဖြင့် စနစ်တကျဖွဲ့စည်းထားသော အဖွဲ့အစည်းမရှိသေးသည့်ကာလဖြစ်ခဲ့သည့်အတွက် ယင်းကူညီမှုများသည် ရောက်သင့်သည့်နေရာသို့မရောက်ဘဲ ကြားမှအလွဲသုံးစားအမြတ်ထုတ်မှုများလည်းရှိခဲ့၍ အလေအလွင့် ဖြစ်ခဲ့ရသည်ဟုဆိုသည်။

ထို့ကြောင့် ယခု “မိုခါ” သဘာဝကပ်ဘေးတွင် အာရက္ခပြည်သူ့အစိုးရမှဖွဲ့စည်းထားသော အဖွဲ့အစည်းဖြင့် သေချာချိတ်ဆက်ဆောင်ရွက်ရန် တိုက်တွန်းခြင်းဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

ထို့အပြင် အခြေခံစားသောက်ကုန်များအား ရောင်းဝယ်ဖောက်ကားနေသော ကုန်သည်များအနေဖြင့်လည်း ပြည်သူများဒုက္ခရောက်နေချိန်တွင် အမြတ်ထုတ်မှုများ မလုပ်ဆောင်ရန် ၎င်းကသတိပေးသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ အဓိကဦးတည်ဝင်ရောက်ခဲ့သော “မိုခါ” မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးစွာဖြစ်ပွားခဲ့ပြီး အ သက် ဆုံးရှုံးမှုများလည်း ရှိခဲ့သည်။

ပြည်သူများအတွက် အမိုးအကာ၊ သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးတကြီးလိုအပ်နေပြီး လျှပ်စစ်မီးပြတ်တောက်နေသည့် အတွက် ဖုန်းလိုင်း၊ အင်တာနက်လိုင်းဆက်သွယ်ရေးနဲ့အတူ အရေးကြီးအခြေခံလိုအပ်ချက်များ အလျင်အမြန်ဆုံးဆောင်ရွက်ပေးရန်လိုအပ်နေကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ် ဦးထွန်းမြတ်နိုင်မှပြောကြားသည်။

ULA/AA အနေဖြင့် “မိုခါ” မုန်တိုင်းမဝင်ရောက်ခင်ကပင် ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူ တစ်သိန်းကျော်ကို ဘေးလွတ်ရာနေရာများသို့ရွှေ့ပြောင်းပေးခဲ့ပြီး၊ ဒေသတွင်း လူမှုကူညီရေးအဖွဲ့အစည်းများမှလည်း ရွှေ့ပြောင်းကူညီဆောင်ရွက်ပေးမှုများစွာရှိခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s