ချင်းပြည်နယ် ၄ မြို့နယ်ကို သဘာဝဘေး အန္တရာယ်ကျရောက်ဒေသအဖြစ်ကြေညာ

အင်အားအလွန်ကောင်းတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော်ဝင်ရောက် တိုက်ခတ်သွားတဲ့ ချင်းပြည်နယ်ရှိ မြို့နယ် လေးမြို့နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေအဖြစ် စစ်ကောင်စီက မေလ ၁၆ ရက်မှာ ကြေညာပါတယ်။
မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့တဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ်၊ ပလက်ဝမြို့နယ်၊ မတူပီမြို့နယ်နဲ့ ဟားခါးမြို့နယ်တွေကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသအဖြစ် စစ်ခေါင်းဆောင်ရဲ့ အမိန့်နဲ့ ထုတ်ပြန်လိုက်တာပါ။
မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များပြားခဲ့တဲ့ ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်ကိုလည်း သဘာဝဘေးအန္တရာယ်ကျရောက်ရာ ဒေသအဖြစ် ကြေညာထားပြီးဖြစ်လို့ အခုလိုကြေညာထားတဲ့ မြို့နယ်ပေါင်း ၂၁ မြို့နယ်ရှိသွားပြီ ဖြစ်ပါတယ်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပါအဝင် လူ အယောက် ၂၀ နဲ့ ဧရာဝတီတိုင်းမှာ တယောက်၊ စုစုပေါင်း ဒေသခံပြည်သူ ၂၁ ယောက် သေဆုံးတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။
မုန်တိုင်းကြောင့် မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်းတွေမှာရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၇၆၉ ခုမှာ လူနေအိမ်ပေါင်း ၁၁၅၃၂ လုံး ၊ သာသနိက အဆောက်အဦ ၇၃ လုံး၊ ဘုန်းကြီးကျောင်း ၄၇ ကျောင်း၊ စာသင်ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံ ဆေးခန်း ၂၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဈေး၊ လေဆိပ်နဲ့ ဌာနဆိုင်ရာ အဆောက်အဦ ၁၁၂ လုံးပျက်စီးသွားတယ်လို့ဆိုပါတယ်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောင်ဗလကျေးရွာအုပ်စု သာစည်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ မုန်တိုင်းရှောင်နေတဲ့ အမျိုးသမီး တဦး (စိစစ်ဆဲ)ဟာ အဆောက်အဦပြိုကျလို့ သေဆုံးသွားသလို ဒုံးပိုက်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံမှာ မုန်တိုင်းရှောင်နေတဲ့ ရွာသား အမျိုးသမီး ၉ ယောက်နဲ့ အမျိုးသား ၄ ယောက်ဟာလည်း ဓမ္မာရုံပြိုကျ သေဆုံးခဲ့လို့ ရသေ့တောင် တမြို့နယ်ထဲမှာပဲ သေဆုံးသူ စုစုပေါင်း ၁၄ ဦးရှိတယ်လို့ဆိုပါတယ်။
လွတ်လပ်တဲ့ သတင်းဌာနတွေကတော့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် တခုတည်းမှာတင် သေဆုံးသူ ရာချီရှိနိုင်တယ်လို့ ရေးသားဖော်ပြကြပါတယ်။ DVB