စစ်တွေတွင် “မိုခါ ” မုန်တိုင်းကြောင့် ရိုဟင်ဂျာ ၁၃၀ နီးပါး အသေအပျောက် ရှိကြောင်း စာ ရင်းအတည်ပြုထား ၊ စာရင်း ဆက်လက်ကောက်ယူနေဆဲ

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ကို မေလ ၁၄ ရက်က ကုန်းတွင်းဝင်ရောက်ဖြတ်ကျော်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည် စခန်းများနှင့် ကျေးရွာများမှ ရိုဟင်ဂျာ ဦးရေ ၁၃၀ နီးပါး အသေအပျောက်ရှိခဲ့သည်ဟု မြေပြင်ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများ၏ ကွင်းဆင်းကောက်ယူထားသည့် စာရင်းအရ သိရသည်။

အဆိုပါ စာရင်းကို မေလ ၁၅ ရက်နှင့် မေလ ၁၆ ရက်တို့တွင် ကျောင်းသားလူငယ်အသင်းနှင့် အလင်းရောင် လူငယ်ပရဟိတအသင်း ကူညီကယ်ဆယ်ရေး အဖွဲ့၀င်များ ကောက်ယူထားခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် လက်ရှိတွင် စာရင်း ဆက်လက်ကောက်ယူနေဆဲဖြစ်သည်

စာရင်းအရ သင်္ဂြိုဟ်ပြီးသော ရုပ်အလောင်း စုစုပေါင်း ၁၁၀ ရှိပြီး ကျန် ဦးရေ ၂၀ ကို ပျောက်ဆုံး( သေဆုံးနိုင်) စာရင်းထဲ ထည့်ထားခြင်းဖြစ်ကာ သေဆုံးသူအများစုမှာ ရှိ ဗေဒ ကျေးရွာမှဖြစ်သည်။ သင်္ဂြိုဟ်ပြီးသော ရုပ်အလောင်း စုစုပေါင်း ၁၁၀တွင် ရုပ်အလောင်း ၃၀ မှာ ဗေဒကျေးရွာမှ ဖြစ်သည်။ ကျန်ရုပ်အလောင်း ၈၀မှာ စံပြရွာ အမှတ် (၃) ၊ စံပြရွာ အမှတ် (၆) ၊ သဲချောင်းရွာ ၊ သဲချောင်း ကယ်ဆယ်ရေးစခန်း၊ သဲချောင်း sector 4 ကယ်ဆယ်ရေးစခန်း၊ ဒါးပိုင်နောက်ရွာ၊ ဒါးပိုင်ကယ်ဆယ်ရေးစခန်း၊ သက္ကေပြင်ကယ်ဆယ်ရေးစခန်း (သစ်) ၊ သက္ကေပြင်ကယ်ဆယ်ရေးစခန်း (ဟောင်း) နှင့် သက္ကေပြင်ကယ်ဆယ်ရေးစခန်း (သစ်)အနီး မှ တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

“အသေအပျောက်အများဆုံးက ဗေဒရွာပါ။ ထုတ်ပြန်နေကြတဲ့ ၄၀၀ ကျော်ဆိုတာက အလောင်းတွေ့ရှိ အတည်ပြုပြီးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့လည်းအလောင်းပြန်မတွေ့ပေမယ့် မိသားစုကသေဆုံးလက်ခံလိုက်ကြတာရှိတယ် ။ အဲ့တာ ဒီလိုစာရင်းတက်နေတာပါ။ သေဆုံးပျောက်ဆုံးကို ရှေ့အပတ်လောက်မှ အတည်ပြုလို့ရနိုင်ပါမယ်။ လက်ရှိမှာ ကျွန်တော်တို့ ထုတ်တဲ့စာရင်းကတော့ အလောင်းတွေ့ရှိ စာရင်းပါ” ဟု မြေပြင်ကယ်ဆယ်ရေးပရဟိတအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဗေဒကျေးရွာတွင် လူဦိးရေ ၂၀၀၀ ကျော် နေထိုင်ပြီး မေလ ၁၆ ရက် ညပိုင်းအထိ လူဦးရေ ၁၀၀ နီးပါးသာ မျက်မြင်ပြန်တွေ့ခဲ့ရကြောင်း ၊ သို့သော် ရေစီးနှင့် မျောပါသွားပြီး အသက်မသေဆုံးသူများမှာ လက်ရှိအချိန်အထိ လမ်းလျှောက်ကာ ရွာသို့ ပြန်လာနေကြဆဲဖြစ်သောကြောင့် စာရင်းပိတ်၍ မရသေးကြောင်း မြေပြင်ရှိ ကယ်ဆယ်ရေးပရဟိတအဖွဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ယနေ့ မေလ ၁၇ ရက် နံနက်တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါ နေရာများတွင် မုန်တိုင်းဝင်ရောက်စဉ်က တက်လာသော ဒီရေအမြင့်မှာ ၁၀ ပေ မှ ပေ ၂၀ အထိ ရှိခဲ့ပြီး တာဝန်ရှိသူများအနေဖြင့်လည်း မုန်တိုင်း မဝင်ရောက်မီ ရွှေ့ပြောင်းပေးမှုများမပြုလုပ်ခဲ့ကြောင်း ပြောသည်။

“လက်ရှိမှာ စစ်ကောင်စီက ကူညီကယ်ဆယ်ရေးဘာမှ လာမလုပ်ပေးသေးပါဘူး။ မနေ့ကတော့ သက္ကေပြင်မှာ မာမီးခေါက်ဆွဲ ငါးဖာနဲ့ ရေသန့်နှစ်လီတာဘူး ငါးဘူး ဘယ်အဖွဲ့က လာပေးသွားလဲမ သိဘူး အဲ့တာပဲရှိပါတယ်။ ပြီးတော့လည်း ခဗျားတို့ရွာက သိပ်မထိခိုက်ပါဘူးလို့ ပြောသွားလို့ ဘယ်သူလာပေးလဲဆိုတာ ကျွန်တော်လည်းသိချင်နေတာ” ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့ပြင် ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိနေပြီး ကျေးရွာများ၏ ပျက်စီးမှုမှာလည်း ၉၉.၅ ရာနှုန်းအထိ ရှိနေကြောင်း သိရသည်။

ဘူလ်ဟူဆန်ဆိုသူ ရိုဟင်ဂျာဒေသခံတစ်ဦးက ၎င်းတို့မိသားစုတွင် ၁၄ ဦးရှိသည်မှ ၉ ဦးမှာ လေပြင်းနှင့်လွင့်ပါသေဆုံးကာ ငါးဦးသာအသက်ရှင်ကျန်ရစ်ကြောင်း နှင့် နဘားဆိုသူရိုဟင်ဂျာအမျိုးသမီးကလည်း ၎င်း၏မိသားစုဝင် လေးဦး မုန်တိုင်းကြောင့် သေဆုံးသွားကြောင်း RFA သို့ ဖြေကြားထားသည်။

ယမန်နေ့ ညပိုင်းက မြေပြင်တွင် လူနာများအားကူညီပေးနေသူ Hardway (Education for Community Development) မှ ဆရာဦးသိဏ်းရွှေအား မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ထိခိုက်မှုများကြောင်းနှင့် သေဆုံးပျောက်ဆုံးမှုများအား ၎င်းတို့အနေဖြင့် အချက်အလက်ကောက်ယူနေဆဲဖြစ်ကြောင်း ဖြေကြားသည်။

အဆိုပါ ကျေးရွာများနှင့် စခန်းများတွင် လက်ရှိသောက်သုံးရေ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေထိုင်ရေး အခက်အခဲကြီးစွာ ကြုံတွေ့နေရသော ကြောင့် အကူအညီများ အရေးပေါ် လိုအပ်နေသည်။

စစ်ကောင်စီက”မိုခါ” မုန်တိုင်းသင့်ဒေသများအား ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရန် အလှူရှင်များ လှူဒါန်းထားသော ကျပ်သိန်းပေါင်း ၁၀၀,၀၀၀ ရရှိထားပြီး ထိုအနက်မှ သိန်း ၇၀,၀၀၀ အား ရခိုင်ဒေသသို့ ပို့ဆောင်ထားကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိမြေပြင်တွင် မုန်တိုင်းဒဏ်ကြီးမားစွာ ခံစားခဲ့ရသော ရိုဟင်ဂျာဒုက္ခသည် စခန်းများနှင့် စစ်တွေမြို့ပေါ်တွင် စစ်ကောင်စီက မည်သည့်အကူအညီမှ ထိထိရောက်ရောက်ပေးနေခြင်းမရှိသေးကြောင်းနှင့် လတ်တလော အရေးတကြီး လိုအပ်နေသော သောက်သုံးရေနှင့် စားနပ် ရိက္ခာများကိုပင် မျှဝေမှုမရှိသေးကြောင်း ဒေသခံများက မဇ္ဈိမကိုပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s