ဆိုင်ကလုန်း မိုခါကြောင့် မုန်တိုင်းဒဏ်သင့်ပြည်သူ ၅ ဒသမ ၄ သန်းခန့်ရှိဟု ကုလခန့်မှန်း

အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဖြတ်သန်းရာ လမ်းကြောင်းတလျှောက် မုန်တိုင်းဒဏ်သင့် ပြည်သူ ၅ ဒသမ ၄ သန်းနီးပါး ရှိနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာက  ခန့်မှန်းထားပါတယ်။

အဲဒီထဲက ပြည်သူ ၃ ဒသမ ၂ သန်း နီးပါးကတော့ ထိခိုက်လွယ်အုပ်စုဝင်တွေ ဖြစ်နိုင်တယ်လို့ ယူဆရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

အင်အားကြီးမားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက် မနက် ၁၁ နာရီခွဲ လောက်ကစပြီး လေတိုက်နှုန်း ၁ နာရီကို မိုင် ၁၃၀ နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့နားက ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။

အဲဒီနောက် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် အနီးတို့ကို နာရီအတော်အသင့်ကြာအောင် ဖြတ်သန်းခဲ့ပြီးနောက် အားပျော့ပျက်ပြယ်ကာ တရုတ်နိုင်ငံဘက်ကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဝင်ရောက်သွားခဲ့တာပါ။

ကုန်းတွင်းပိုင်းမုန်တိုင်းအဖြစ် ဖြတ်ကျော်ခဲ့ချိန်မှာတော့ ဖြတ်သန်းရာ ဒေသတွေမှာ မုန်တိုင်းရဲ့ သက်ရောက်မှုတွေကြောင့် ဆည်တွေရေလျှံတာ၊ မိုးကြီးတာ၊ ချောင်းရေတွေ စီးဆင်းတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ခဲ့ပြီး ဆေးရုံတွေ၊ ဘဏ်တွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ အပါအဝင် အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံတွေ ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

လတ်တလောမှာတော့ မုန်တိုင်းသင့်ပြည်သူတွေအတွက် ကျန်းမာရေးဆိုင်ရာ ကယ်ဆယ်ရေး ပစ္စည်းတွေ၊ အမိုးအကာ၊ သန့်ရှင်းတဲ့ သောက်ရေသန့်၊ မိလ္လာနဲ့ တကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ လိုအပ်ချက်တွေကို အစီရင်ခံ တင်ပြထားတယ်လို့လည်း UNOCHA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မုန်တိုင်းဒဏ်သင့် ဒေသတွေက မြို့နယ်တွေမှာတော့ အဓိကအားဖြင့် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် ထိခိုက်ခံစားရသူတွေအနေနဲ့ ငွေကြေးအကူအညီထက် အစားအသောက် အကူအညီတွေ တောင်းခံနေကြတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် မုန်တိုင်းနောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေကြောင့် မြေမြှုပ်မိုင်းတွေ နေရာရွှေ့ပြောင်းသွားနိုင်တာမို့ ပဋိပက္ခဒဏ်ခံ ဒေသတွေမှာ ပေါက်ကွဲစေတတ်တဲ့ လက်နက်အန္တရာယ် မြင့်မားနေတယ်လို့လည်း သတိပေးထားပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ စစ်တွေမြို့နဲ့ တခြား မြို့နယ်တွေက နေရာအသီးသီးမှာ ကွင်းဆင်းလေ့လာမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ထိခိုက်မှု အများဆုံးလို့ ယူဆရတဲ့ ရခိုင်ပြည်နယ် ဦးစားပေး ၆ မြို့နယ်မှာ ခွင့်ပြုချက်ရတာနဲ့ အကူအညီပေးရေးလုပ်ငန်းတွေ စတင်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာသာမက ချင်းပြည်နယ်တဝန်း မြို့နယ်တွေမှာ အိမ်ခြေ ၁,၂၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရသလို မကွေးနဲ့ စစ်ကိုင်းတိုင်းက လူဦးရေ ၁ သိန်းကျော်လောက် ဆိုးဝါးတဲ့ ရေကြီးမှုဒဏ် ခံခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဆိုင်ကလုန်းမုန်တိုင်း သက်ရောက်မှုနဲ့ နောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေကို အပြည့်အဝ တုံ့ပြန်ရာမှာ လွယ်ကူချောမွေ့စေဖို့အတွက် အရေးပေါ်ရန်ပုံငွေတွေ အလွန်လိုအပ်နေတယ်လို့လည်း UNOCHA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NUG အစိုးရကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုးသွားမယ်လို့ ကနဦးထုတ်ပြန်ထားကာ လက်ရှိအချိန်ထိ ဘယ်နိုင်ငံတကာ အဖွဲ့အစည်းကမှ ကူညီထောက်ပံ့မှုတွေ မရှိသေးတာကြောင့် မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ အများဆုံးဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေကို ထောက်ပံ့ကူညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s