ထားဝယ်တွင် စစ်ကောင်စီတပ်စခန်း ၂ ခု တိုက် ခိုက်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ မေ ၁၀ ရက်ကနေ ၁၄ ရက်နေ့အထိ ၅ ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၂ ခု အပါအဝင် စစ်ရေးတိုက် ခိုက်မှု ၄ ခု ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတင်းထုတ်ပြန်ပါတယ်။

မေ ၁၀ ရက်က ပကာရီရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တပ်သားတဦးကို ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၁ T1 နဲ့ မဟာမိတ်အဖွဲ့က စနိုက်ပါရဲဘော်က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ T 1 က သတင်းထုတ်ပြန်ပါတယ်။

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ အရှေ့ဘက် ကျောက်စေ့ကုန်း ဘုန်းကြီးကျောင်းအနီးမှာ တပ်ဖြန့်ဖို့ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း မေ ၁၂ ရက် မနက်အစောပိုင်းမှာ ဥသြစစ်ကြောင်းနဲ့ T 1 တပ်ခွဲ ၂ က ဒရုန်းနဲ့ကင်းထောက်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

မေ ၁၄ ရက်မှာလည်း ပကာရီရဲကင်းစခန်းနဲ့ ဘုရားမဲစစ်ကောင်စီစစ်ဆေးရေးဂိတ် ၂ ခုကို ထားဝယ်စုပေါင်းစစ်ကြောင်းနဲ့ T 1 တပ်ခွဲ ၂ ထား ဝယ် ပကဖအဖွဲ့တွေ စုပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ ထားဝယ်စုပေါင်းစစ်ကြောင်းနဲ့ T 1 က တိုက်ပွဲသတင်း ထုတ်ပြန်ထားပါတယ်။

“ကားတွေခဏရပ်စောင့်နေရတယ်၊ ဘုရားမဲဂိတ်မရောက်ခင် ခပ်လှမ်းလှမ်းကနေ၊ ဘုရားမဲဂိတ်နားက နည်းပညာကျောင်း ခြံစည်းရိုး အင်္ဂတေပန်းအလှအုတ်အပေါက်တွေလည်း ဘိလပ်မြေနဲ့ အကုန်ပိတ်ထားတယ်။ ခဏခဏ လာပစ်ခံရလို့ထင်တယ်။ ၁၄ ရက်နေ့ကတော့ သူတို့(စစ်ကောင်စီ) လမ်းပေါ်ချထားတဲ့ အတားအဆီး ဆူးကြိုးတွေအနားအထိ လာပစ်နေတာ တွေ့ရတယ်” လို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လမ်းပိုင်းမှာ ခဏစောင့်ခဲ့ရတဲ့ ခရီးသည်တဦးက ပြောပြပါတယ်။

မေ ၁၀ ရက်၊ ၁၂ ရက်နဲ့ ၁၅ ရက်တွေမှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က ၂၀ ကျော် သေဆုံးခဲ့ပြီး မဟာမိတ်တပ်တွေဘက်ကလည်း တပ်သား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မဟာမိတ်အဖွဲ့တွေရဲ့ အချက်အလက် မှတ်တမ်းတွေအရ သိရပါတယ်။

မေ ၇ ရက်ကလည်း ထားဝယ်မြို့နယ် ဇဟာရွာအခြေစိုက် စစ်ကောင်စီတပ်က ဗိုလ်ကြီးမျိုးလင်းဦးကို ထားဝယ်ပကဖအဖွဲ့ဖြစ်တဲ့ DGRF အဖွဲ့က ဇဟာရွာမှာပဲ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ဧပြီလက ဘုရားမဲဂိတ်နဲ့ ပကာရီရဲကင်းတွေဟာ တချိန်တည်း တပြိုင်နက် ၂ ကြိမ်ထက်မနည်း တိုက်ခိုက်ခံရပါသေးတယ်။

စစ်ရေးအရှိန်မြှင့်တင်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ဆက်စပ်တဲ့ နေရာတွေကို ဖြတ်သန်းသွားလာရမယ် ဆိုပါကလည်း စစ်ရေး သတိ စစ်ရေးအသိနဲ့ သွားလာကြဖို့ ထားဝယ်မြို့နယ်က ပြည်သူ့ကာကွယ်ရေး တပ်ရင်းတခုနဲ့ ပကဖတွေ စုဖွဲ့ထားတဲ့ ဥသြစစ်ကြောင်းက တိုက်တွန်းထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s