ပေါင်းတည်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကျောက်တံခါးကျေးရွာအုပ်စု၊ သိမ်ကုန်းရွာ ဘုန်းကြီးကျောင်းနဲ့ တာဝါမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မေ ၁၅ ရက် ညနေ ၄ နာရီလောက်က အဝေးထိန်း ပဒေသာမိုင်း ၂ လုံးဆွဲပြီး တိုက်ခိုက်ခံရတယ်လို့ ဒေသကာ ကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ရေခပ်ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို သိမ်ကုန်းရွာတမံနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန် ၂ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
မိုင်းဆွဲပြီးတာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရရှိသူတွေကို တပ်အထိုင်စခန်းဆီ သယ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF (ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၂) က အဝေးထိန်းပဒေ သာမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက် အန္တရာယ်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရှေ့ဘက် ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဘန်းဘွေးကန်ရွာနဲ့ တလားဂူးရွာကြားမှာ မေ ၁၃ ရက် မနက် ၆ နာရီခွဲလောက်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က တကြိမ် တိုက်ခိုက်ခဲ့သလို ယာတဲတွေကို မီးရှို့ပြီး ထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက် မနက် ၉ နာရီခွဲလောက်မှာ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပါတယ်။
အဲဒီ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။ DVB