ဖားကန့်တွင် စစ်ကောင်စီတပ်နှင့် KIA သုံးရက်ဆက်တိုက်ပွဲဖြစ်၊ စစ်ကောင်စီ အရာရှိ ၁ဦး အပါအဝင် ၄ ဦးသေဆုံးဟုဆို

ဖားကန့်တွင် တပ်အချိန်းအပြောင်းပြုလုပ်‌နေသည့် စစ်ကောင်စီတပ်နှင့် KIA သုံးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ အရာရှိတစ်ဦး အပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း ဖားကန့်ဒေသခံ သတင်းရင်းမြစ်များက မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ မိုးကောင်းမြို့နယ်ဘက်သို့ တပ်အပြောင်းအလဲပြုလုပ်ရန် ထွက်လာသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို KIA တပ်မဟာ (၉) လက်အောက်ခံ၊ တပ်ရင်းအမှတ် (၄၄) က မေလ ၁၄ရက်မှ မေလ ၁၆ရက်အထိ သုံးရက်ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

” စစ်တပ်ဖက်က လေးယောက်သေတယ်။ ဒီဘက်(KIA)ဘက်ကလည်း အနည်းအကျဉ်းထိတယ်”ဟု ကချင်သတင်းရင်းမြစ်တစ်ဦးကမဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲကြောင့် နန့်တိန်းကျေးရွာနှင့် နန့်ယားကျေးရွာကြားရှိ ဆိုင်းဖရာ၊ ကပ်မှော်ကျေးရွာ၊ ဂတ်နွယ် ကျေးရွာများမှ ဒေသခံ ၂၀၀ နီးပါးသည် နန့်ယား‌ ကျေးရွာဘက်သို့ ခေတ္တတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

”တောထဲမှာ ဖြစ်တယ်ဆိုပေမဲ့ ရွာနားကို ရောက်လာမှာစိုးလို့ ပြေးလာကြတာ ဟုတ်တယ်”ဟု တိုက်ပွဲရှောင်လာသူ ဒေသခံတစ်ဦးက ပြောသည်။

မေလ ၁၄ ရက်နေ့ကတည်းက နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နီးစပ်ရာတောများသို့ ပုန်းခိုသွားခဲ့သည်ဟုညသိရသည်။ ယမန်နေ့ မေလ ၁၆ ရက်နေ့ညပိုင်းက လမ်းမကြီးပေါ် ပြန်ထွက်လာသည့်အချိန်တွင် အသင့်စောင့်နေသော KIA တပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ကြောင်းKIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း အသက်မသေဘဲ လွတ်မြောက်လာသည့် စစ်ကောင်စီတပ်သားများသည် နန့်ယားစာသင်ကျောင်းတွင် တပ်စွဲအထိုင်ချထားပြီး သေဆုံးသွားသူများကို နန့်ယားစစ်တပ်စခန်းတွင် သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများထိခိုက်မှုနှင့် သေဆုံးမှု အရေအတွက်ကို KIA ဘက်က တရားဝင် ထုတ်ပြန်သည်ကို မတွေ့ရသေးပေ။ KIA တပ်ရင်း (၄၄)ဘက်တွင်လည်း ထိခိုက်သေဆုံးမှုရှိကြောင်း KIA နှင့် နီးစပ်သူ ကချင်သတင်းရင်းမြစ်များက ပြောဆိုသည်။နှစ်ဘက်ထိခိုက်မှုကို မဇ္ဈိမ အနေဖြင့်သီးခြားအတည်ပြုချက်မရသေးပေ။

လက်ရှိတွင် တိုက်ပွဲမဖြစ်ပွားတော့သည့်အတွက် ယခင်ရက်က တိမ်းရှောင်နေသည့် ဒေသခံများသည်ယနေ့ မေလ ၁၇ ရက်နေ့ နံနက်ပိုင်းမှစတင်၍ နေရပ်ပြန်နေကြပြီဖြစ်သည်။

” အခုက သူတို့ (စစ်တပ်) တောထဲက ထွက်လာနိုင်ပြီး စခန်းထဲ ရောက်ပြီဆိုတော့ တိုက်ပွဲပြီးပြီလို့ပဲ ပြောလို့ရတယ်။ ဒီနေ့ မနက် (မေလ ၁၇ ရက်) တော့ ထပ်ဖြစ်တာ မရှိတော့ဘူး၊ မကြားမိသေးဘူး” ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ခဲ့သည်။ဖားကန့်မြို့နယ်ကို ထိန်းချုပ်နိုင်ရေးအတွက် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)တို့ နှစ်ဖက်လုံးကကြိုးပမ်းနေကြသည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s