ဖားကန့်တွင် KIA က စစ်တပ်ကို သုံးရက်ဆက် ပိတ်ဆို့တိုက်ခိုက်

ကချင်ပြည်နယ် ကျောက်စိမ်းမြို့တော် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ကြားဖြတ်တိုက်ခိုက်ပြီးနောက် တိုက်ပွဲ ၃ ရက် ဖြစ်ပွားကာ ဒေသခံ ၂၀၀ ခန့် ယာယီတိမ်းရှောင်နေရသည်။

ပြီးခဲ့သည့် မေ ၁၃ ရက်က ဖားကန့်မြို့နယ်မှ ကာမိုင်းမြို့ဘက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို KIA ၏ အမှတ် (၄၄) တပ်ရင်းက ဖားကန့်နှင့် မိုင် ၂၀ ခန့်အကွာ တံတားညီနောင်ရွာအနီး တောထဲတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ထို့နောက် ယမန်နေ့ (မေ ၁၅ ရက်) အထိ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ရာ အနီးအနားရှိ တံတားညီနောင်၊ ကပ်မော်၊ ဆိုင်းဖရာ စသည့် ကျေးရွာ ၃ ရွာမှ ဒေသခံ ၂၀၀ ကျော်မှာ မိုင်အနည်းငယ်အကွာရှိ နန့်ယားရွာသို့ တိမ်းရှောင်ခဲ့ရသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာမှာ ရွာများနှင့် မိုင်အနည်းငယ်သာ ဝေးသည့်အတွက် တိုက်ခိုက်ပစ်ခတ်နေသံများကို ကြားနေရသည်ဟု ကပ်မော်ရွာသားတစ်ဦးက ပြောသည်။

ယနေ့နံနက်တွင် တိုက်ပွဲရပ်သွားပြီး ပိတ်ဆို့တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့က နန့်ယားရွာရှိ စစ်ကောင်စီတပ်စခန်းအတွင်း ဝင်ရောက်သွားသည်ဟု အသက် ၅၀ ကျော်အရွယ် နန့်ယားဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“အခုက သူတို့ (စစ်တပ်) တောထဲက ထွက်လာနိုင်ပြီး စခန်းထဲ ရောက်ပြီဆိုတော့ တိုက်ပွဲပြီးပြီလို့ပဲ ပြောရမှာပေါ့၊ ဒီနေ့ မနက်တော့ ထပ်ဖြစ်တာ မရှိတော့ဘူး” ဟု အဆိုပါ အမျိုးသားက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးမှုများ ရှိသည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုမှုများ ရှိသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

တိုက်ပွဲငြိမ်သက်သွားပြီဟု ယူဆရသည့်အတွက် နန့်ယားရွာတွင် တိမ်းရှောင်နေသည့် ဒေသခံ ၂၀၀ ခန့်မှာ ယနေ့ နံနက် ၁၁ နာရီမှစတင်၍ နေရပ်ပြန်နေကြပြီဖြစ်သည်ဟု အထက်ပါ နန့်ယားဒေသခံ အမျိုးသားက ဆက်ပြောသည်။

“တောထဲမှာ ဖြစ်တယ်ဆိုပေမဲ့ ရွာနားကို ရောက်လာမှာစိုးလို့ ပြေးလာကြတာ၊ အခုကတော့ (လူ) သိပ်မရှိတော့ဘူး။ တိုက်ပွဲပြီးပြီဆိုတော့ ပြန်ကုန်ကြပြီ”

ပြီးခဲ့သည့် ရက်အနည်းငယ်မှ စတင်၍ စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်ကို အပြည့်အဝချုပ်ကိုင်နိုင်ရန် အင်အားဖြည့်တင်းခဲ့သည်၊ အဆိုပါတပ်များထဲတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့ဝင်များလည်း ပါဝင်လာသည်ဟု ဒေသခံများက ပြောသည်။

SNA သည် ၁၉၈၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ရှမ်းနီတိုင်းရင်းသားအများစု နေထိုင်သည့် စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက်နှင့် ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်မြို့နယ်တို့တွင် လှုပ်ရှားသည်။

ယမန်နှစ် ဩဂုတ်လအတွင်းမှ စတင်၍ ဖောင်းပြင်၊ ဟုမ္မလင်းစသည့် မြို့နယ်များတွင် SNA သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဒေသအခြေစိုက်တပ်ဖွဲ့များ တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက် စစ်ရေးတင်းမာနေသည်။

ယခုနှစ် ဇန်နဝါရီကလည်း စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ် အင်အား ၆၀ ခန့်က စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နတ်နန်းရွာအနီးရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ဂိတ်တစ်ခုကို ဝင်ရောက် စီးနင်းရန် ကြိုးပမ်းရာမှ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

အလားတူ စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဖားကန့်မြို့နယ်သည် တိုက်ပွဲအပြင်းထန်ဆုံးမြို့နယ်ဖြစ်လာသည်။

တန်ဖိုးကြီးကျောက်စိမ်းထွက်ရှိသည့် ဖားကန့်မြို့နယ်ကို စစ်တပ်နှင့် KIA နှစ်ဖက်လုံးက ထိန်းချုပ်နိုင်ရန် ကြိုးစားနေကြသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s