ဘီးလင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၅ ဦးခန့် သေဆုံး

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာ၊ အစူးချောင်းကျေးရွာတစ်လျှောက်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းအား တပ်မဟာ (၁) KNLA ပူးပေါင်းစစ်ကြောင်းများက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံထံက သိရသည်။
ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် တပ်မဟာ (၅) ဘက်မှ ဆင်းလာသည့် အင်အား ၂၀၀ ဝန်းကျင်ခန့်ပါသော စစ်ကောင်စီတပ်၏ စစ်ကြောင်းအား ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာ၊ အစူးချောင်းကျေးရွာအနီးတစ်ဝိုက်တွင် KNU တပ်မဟာ (၁) KNLA သူရိယစစ်ကြောင်းနဲ့ တောကျီးကန်းစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှု လေးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
” မဲပလီဘက်ကနေ နတ်ကြီးကို ပြန်ဆင်းလာတဲ့ ဗျူဟာစစ်ကြောင်းပေါ့။ ဗျူဟာမှူးပါတဲ့ စစ်ကြောင်းကြီး အင်အား ၂၀၀ ကျော်တယ်။ အဲ့ဒီစစ်ကြောင်းကို ကျွန်တော်တို့ KNU၊ KNLA တပ်မဟာ (၁) သူရိယစစ်ကြောင်းနဲ့ တောကျီးကန်းစစ်ကြောင်း ပူးပေါင်းအဖွဲ့ကနေပြီး ကြားဖြတ်တိုက်ခိုက်မှုတွေ ပြုလုပ်တာဖြစ်တယ်” ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကို ပြောသည်။
ထိုနှစ်ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီစစ်ကြောင်းမှ စစ်သား ၂၅ ဦးခန့် သေဆုံး၍ ၂၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ တပ်မဟာ (၁) KNLA ပူးပေါင်းစစ်ကြောင်းဘက်တွင် ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
” ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့ နှစ်ရက်တာမှာ တိုက်ပွဲသုံး၊ လေးကြိမ်ဖြစ်တယ်။ အဲ့ဒီဖြစ်တဲ့ တိုက်ပွဲမှာ ရန်သူ့ဘက်က ၂၅ ယောက်လောက်သေတယ်။ ၂၀ လောက် ဒဏ်ရာရတယ်။ ပူးပေါင်းစစ်ကြောင်းတပ်ဖွဲ့ကတော့ ရဲဘော်တစ်ယောက်အနည်းငယ် ဒဏ်ရာရခဲ့တယ်” ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ဆက်လက်ပြောဆိုသည်။
တိုက်ပွဲများဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီတပ်၏ ထိုစစ်ကြောင်းသည် အစူးချောင်းကျေးရွာမှ နတ်ကြီးကျေးရွာဘက်သို့ ဆက်သွားရာ လမ်းတွင် ဓားစားခံအဖြစ် အသုံးပြုရန် အစူးချောင်းရွာသားလေးဦးအား ဖမ်းဆီးသွားပြီး ၎င်းတို့၏ ခဲယမ်းများအား သယ်ခိုင်းကြောင်း၊ နတ်ကြီးကျေးရွာ အရောက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
” ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့မှာတော့ သူတို့ အစူးချောင်းရွာသား လေးဦးကိုဖမ်းပြီးတော့ ဓားစာခံပုံစံလုပ်သွားတယ်။ ပြီးတော့ သူတို့ရဲ့ ခဲယမ်းတွေ ခြင်းတောင်းတွေကို ထမ်းခိုင်းတာပေါ့ နတ်ကြီးအထိ။ နတ်ကြီးရောက်တော့ ပြန်လွှတ်ပေးပါတယ်” ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ဆိုသည်။
တိုက်ပွဲဖြစ်စဉ်အတွင်း အစူးချောင်းကျေးရွာ၊ မဲပလီကျေးရွာအနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံများသည် နီးစပ်ရာဒေသများသို့ ခေတ္တ တိမ်းရှောင်ခဲ့ကြပြီး ယနေ့ မေလ ၁၇ ရက်နေ့တွင်တော့ နေရပ်တွင် ပြန်နေနေကြပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ မေလ ၁၆ ရက်နေ့၊ ညနေပိုင်းတွင် နတ်ကြီးစစ်ကောင်စီစခန်းအား တပ်မဟာ (၁) KNLA၊ PDF ၊ TPDF၊ ကျိုက်ထိုတော် လှန်ရေးအင်အားစု (KRF) ၊ ပအိုဝ်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD ၊ Ygn Eagle Force ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးလေးလုံး ပစ်ချတိုက်ခိုက်ခဲ့ပြီး အထိအခိုက် အပျက်အစီးအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ mizzima