မိုခါမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့ပေါ်တွင် မုန်တိုင်းသင့် ပြည်သူ ၄,၀၀၀ ကျော်ရှိနေပြီး အကူအညီများ လိုအပ်နေ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့ပေါ်တွင် မိုခါ မုန်တိုင်းဒဏ်သင့် ပြည်သူဦးရေ ၄,၀၀၀ ကျော်ရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း ဒေသအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းများထံက သိရသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့ပေါ် ဧရိယာ၏ ၈၀ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ရပြီး ကျေးရွာများ၏ ထိခိုက်ပျက်စီးမှုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“မုန်တိုင်းတိုက်ခိုက်ပြီးတဲ့နောက် တစ်မြို့လုံးနီးပါး ပျက်စီးသွားတယ်။ ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်။ ဘုရားပုထိုး စေတီတွေက အစပေါ့။ အိမ်တိုင်းလိုလို ပျက်စီးကုန်တယ်။ သစ်ပင်တွေကျိုးကျ လမ်းပိတ်မှုတွေ လည်း ရှိတယ်“ ဟု ပုဏ္ဏားကျွန်းမြို့နယ် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း တာ၀န်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။

ထို့အပြင် မုန်တိုင်းတိုက်ခတ်မှုအတွင်း ပုဏ္ဏားကျွန်းမြို့တွင် လူနှစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ အထိအခိုက်စာရင်းက လိုက်ကောက်နေတုန်းပဲ ။ အတိအကျတော့ မသိရသေးဘူး။ လက်ရှိကောက်ထားတဲ့ စာရင်းကလည်း မုန်တိုင်းသင့် မြို့ပေါ် တစ်ခုထဲပါ။ တခြားကျေးရွာတွေတော့ မပါသေးပါဘူး။ ကျေးရွာတွေဘက်လည်း ကွင်းဆင်းဖို့တော့ ရှိပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေက စိုးရိမ်စရာမရှိပါဘူး” ဟု ၄င်းက ဆက်ပြောသည်။

အဆိုပါ ပြည်သူများကို ဒေသအခြေစိုက်ကယ်ဆယ်ရေးအသင်းအဖွဲ့များက မြို့နယ်အတွင်းရှိ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ ကူညီပေးနေကြောင်း သိရသည်။

မိုခါ မုန်တိုင်း ရခိုင်ပြည်နယ်ကို ဖြတ်သန်း၀င်ရောက်သည့် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအရေးပေါ်အစည်းအဝေးတွင် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က တစ်ယောက်မကျန် ကယ်ဆယ်မှုများ ပြုလုပ်ပေးမည်ဟု ပြောကြားထားသည်။

ထို့အပြင် မုန်တိုင်း ၀င်ရောက်ပြီးနောက် မေလ ၁၅ ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင် စစ်တွေမြို့ကို လာရောက်သည့်အချိန်တွင်လည်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်ကို ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

သို့သော် မုန်တိုင်းတိုက်ခတ်ပြီး နှစ်ရက်ကျော်ကြာသည်အထိ စစ်ကောင်စီတပ်က ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ပြည်သူများထံ မည်သည့်အကူအညီမှ လာရောက်ပေးအပ်ခြင်းမရှိသေးကြောင်း ဒေသခံများက ဆိုသည်။

“စစ်ကောင်စီတပ်ဘက်က ကူညီကယ်ဆယ်မှုတွေတော့ အခုထိ မမြင်ရသေးဘူး။ မနေ့ကတော့ မြို့ထဲက လမ်းထိပ်တွေမှာ ကင်းစောင့်တာတော့ ရှိတယ်။ ၀န်ကြီးလာမယ်ဆိုပြီးလည်း သတင်းကြားတယ်။ နောက်ပြီး မုန်တိုင်းကြောင့် ထိခိုက်တဲ့ အိမ်ပိုင်ရှင်တွေကို ရပ်ကွက်ဥက္ကဌ အိမ်တွေကို ခေါ်တာရှိတယ်။ “ ဟု ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါးများလည်းလိုအပ်နေကြောင်း ကူညီကယ်ဆယ်မှုပြုလုပ်ပေးနေသည့် ဒေသအခြေစိုက်အဖွဲ့အစည်းများက ဆိုသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းတွင် နေထိုင်သူ လူဦးရေ ၅ ဒသမ ၄သန်းကျော် မုန်တိုင်းဒဏ်သင့် နိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA)က မေလ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s