မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၄၃၅ ဦးထိရှိလာ၊ ‌ရခိုင်လေဘေးသင့်ပြည်သူ ၁ သန်း ခန့် အကူအညီလိုအပ်နေ

အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းနဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ သေဆုံးသူ စုစုပေါင်း ၄၃၅ ယောက်ထိ ရှိလာပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

မေ ၁၆ ရက်အထိ နောက်ဆုံးရရှိထားခဲ့တဲ့ စာရင်းတွေအရ NUG အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ “မိုခါဆိုင်ကလုန်း အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ အစီရင်ခံစာ” ထဲမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပါတယ်။

NUG အစိုးရအနေနဲ့ မုန်တိုင်းကြောင့် ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ ဒေသတွေက အပျက်အစီး စာရင်းကောက်ယူမှုတွေကို ဆက်လက်ဆောင်ရွက်နေပြီး သေဆုံးသူစာရင်းတွေ ထပ်မံပြီးတော့ တိုးလာနိုင်ခြေရှိတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေမှာတော့ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု ကြီးမားတာကြောင့် အိမ်ခြေ ၅ သိန်းကျော်အတွက် တာပေါ်လင်(မိုးကာစ)တွေနဲ့ လေဘေးသင့်ပြည်သူဦးရေ ၁ သန်းလောက် အတွက် အစားအစာနဲ့ သောက်သုံးရေတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ ဘယ်နိုင်ငံတကာ အဖွဲ့အစည်းကမှ ကူညီထောက်ပံ့မှုတွေ မရှိသေးတာကြောင့် မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ အများဆုံးဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်းစတဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ထောက်ပံ့ကူညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ NUG အစိုးရက ဆိုပါတယ်။

အင်အားကြီးမားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ မေ ၁၄ ရက် မနက် ၁၁ နာရီခွဲလောက်က စပြီး လေတိုက်နှုန်း ၁ နာရီကို မိုင် ၁၃၀ နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့နားက ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။

အဲဒီနောက် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် အနီးတို့ကို နာရီအတော်အသင့်ကြာအောင် ဖြတ်သန်းခဲ့ပြီးနောက် အားပျော့ပျက်ပြယ်ကာ တရုတ်နိုင်ငံဘက်ကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ကုန်းတွင်းပိုင်းမုန်တိုင်းအဖြစ် ဖြတ်ကျော်ခဲ့ချိန်မှာတော့ ဖြတ်သန်းရာ ဒေသတွေမှာ မုန်တိုင်းရဲ့ သက်ရောက်မှုတွေကြောင့် ဆည်တွေရေလျှံတာ၊ မိုးကြီးတာ၊ ချောင်းရေတွေ စီးဆင်းတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု များစွာရှိခဲ့တယ်လို့ NUG အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်း မြို့နယ် ၅ ခုထဲက စိုက်ပျိုးမြေဧက ၃၂,၃၀၀ ကျော်၊ မကွေးတိုင်းထဲက မြေ ၁၆၇ ဧကကျော် ရေလွှမ်းမိုးခံရပြီး ပျက်စီးဆုံးရှုံးခဲ့ရကာ ရခိုင်ပြည်နယ်မှာတော့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့တွေမှာ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပေါ်ခဲ့ပြီး မြို့နယ် ၁၁ မြို့နယ်မှာ ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ ချင်းပြည်နယ် မြို့နယ် ၇ ခုမှာတော့ နေအိမ်ပျက်စီးမှု စုစုပေါင်း ၁,၁၃၆ လုံး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွေမှာတော့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးမှုတွေကြောင့် ဒေသခံပြည်သူ ၁၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရ သလို စစ်ဘေးရှောင်စခန်းများစွာ ပျက်စီးခဲ့တာကြောင့် ယာယီအမိုးအကာ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် NUG အစိုးရအနေနဲ့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုးသွားမှာ ဖြစ်တယ်လို့လည်း ကနဦးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါပံ့ပိုးမှုတွေကိုတော့ NUG အစိုးရ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ လက်အောက်ကနေ မြေပြင်စာရင်းဇယား ကောက်ယူတာ၊ အပျက်အစီးတွေ ရှင်းလင်းတာ၊ ယာယီအမိုးအကာတွေ ဖန်တီးပေးတာ၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်ပေးတာ၊ လူသားချင်းစာနာမှု အထောက်အပံ့ပေးတာတွေနဲ့ Lifelines တွေ ပြန်လည်ချိတ်ဆက်ရေး ကိစ္စတွေကို သက်ဆိုင်ရာ ဒေသအသီးသီးက အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s