မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘေးသင့်ပြည်သူ ၁ သန်းခန့်နှင့် နေအိမ် ၅သိန်းစာအတွက် အရေးပေါ်အကူအညီများလိုအပ်နေဟု NUG ထုတ်ပြန်

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘေးသင့်ပြည်သူ တစ်သန်းခန့်နှင့် နေအိမ် ငါးသိန်းစာအတွက် အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စိီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတင်းထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မုန်တိုင်းဒဏ်သင့် အိမ်ခြေ ငါးသိန်းစာအတွက် မိုးကာစ(တာပေါ်လင်) များနှင့် ဘေးသင့်ပြည်သူ တစ်သန်းခန့်အတွက် အစားအစာနှင့် သောက်သုံးရေများ အရေးပေါ်လိုအပ်နေသည်ဟု MOHADMက ယမန်နေ့ မေ ၁၆ရက် ညတွင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့်
ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ပုဏ္ဏာကျွန်း၊ ပေါက်တော၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့တို့တွင် အများဆုံး ပျက်စီးခဲ့ကာ မြို့နယ် ၁၁ မြို့နယ်၏ ၉၀ရာခိုင်နှုန်းကျော် ပျက်စီးဆုံးရှုံးခဲ့သည်ဟု MOHADM က ဆိုသည်။
လက်ရှိအချိန်အထိ မည်သည့်နိုင်ငံတကာ အဖွဲ့အစည်းမှ ကူညီထောက်ပံ့မှုဆောင်ရွက်ခြင်းများ မရှိသေးကြောင်း သိရှိရသည်ဟု MOHADM က ထုတ်ပြန်ထားပြီး လတ်တလောတွင် နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အကူအညီများစွာ လိုအပ်လျက်ရှိသည်ဟု ဘေးသင့်ဒေသတွင် နေထိုင်သူများကပြောသည်။
“လောလောဆယ်တော့ (နိုင်ငံတကာကူညီထောက်ပံ့မှုများ) မကြားမိသေးဘူးခင်ဗျ။ လိုအပ်တာကတော့ ဘယ်ကနေစပြောရမှန်းတောင်မသိဘူး။ လိုတာကတော့ အကုန်လုံးလိုနေတယ်” ဟု စစ်တွေမြို့တွင်နေထိုင်သူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
နိုင်ငံတကာအဖွဲ့အစည်းအချ်ိို့သည် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းအချ်ို့တွင် စားနပ်ရိက္ခာများ ကူညီပေးနေသည်ဟု ကြားသိရသော်လည်း အခြား မုန်တိုင်းဒဏ်သင့် ကျေးရွာဒေသများတွင် မည်သည့် ကူညီထောက်ပံ့မှုမှ မရရှိသေးကြောင်း ရခိုင်ပြည်နယ်ဒေသခံများက ယနေ့ မေ ၁၇ရက်တွင် ပြောသည်။
“ကူညီကယ်ဆယ်ရေးနဲ့ပတ်သက်လို့ ကျနော်တို့ ကြားသလောက်ဆိုရင် လူ ၄၀၀ လောက်ဆုံးသွားတယ်လို့ သတင်းထွက်တဲ့ သက္ကယ်ပြင်ကုန်းတို့၊ အဲ့ဘက်မှာတော့ UNOCHA နဲ့ WFP တို့ စားနပ်ရိက္ခာတွေ ထောက်ပံ့တယ်လို့တော့ ကြားတယ်။ ကျန်တာတော့ ထောက်ပံ့သံ မကြားမိသေးဘူးဗျ။ စစ်ကောင်စီကလည်း မတွေ့သေးဘူး။ မနေ့ကလည်း သတင်းမှာတွေ့လိုက်တယ်။ ဒါပေမယ့် ဘယ်နေရာမှာလဲ ကျနော်လည်း မသိဘူး။ ပုံမှန်မြို့ထဲမှာတော့ သူတို့ ထောက်ပံ့နေတာကို ကျနော်တို့ မတွေ့ဘူး” ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
စစ်တွေမြို့မှ ဌာနဆိုင်ရာအရာရှိတစ်ဦးကလည်း မုန်တိုင်းဒဏ်ကြောင့် အပျက်အစီးအလွန်များခဲ့ပြီး ၎င်းတို့အနေဖြင့် အကူအညီမရပါက လာမည့်နှစ်ရက်အတွင်း သောက်သုံးရေပြတ်လပ်နိုင်ကြောင်း မေလ ၁၆ရက်တွင် လူမှုကွန်ရက်၌ ရေးသားထားသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ပျက်ဆီးဆုံးရှုံးမှု အများဆုံးရှိခဲ့ပြီး စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါး စသည့် အခြေခံလူသုံးကုန်ပစ္စည်းများ အရေးပေါ် လိုအပ်လျက်ရှိပြီး မေလ ၁၆ ရက်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် ခုနှစ်ခုတွင် သေဆုံးသူစုစုပေါင်း ၄၃၅ ဦးရှိခဲ့သည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ-NUGက အသိပေးထုတ်ပြန်ထားသည်။ ပျောက်ဆုံးနေသူများလည်းရှိနေပြီး ပျက်စီးဆုံးရှုံးမှုစာရင်းကို ကောက်ယူနေဆဲဟု NUG က ထုတ်ပြန်ထားသည်။
NUG အနေဖြင့် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၁သန်း မတည်မည်ဟု အသိပေးထားပြီး လက်ရှိတွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါး၊ မိုးကာနှင့် စားနပ်ရိက္ခာအတွက် ကျပ် ၈၈၇ သိန်းကျော်ကို လူသားချင်း ကူညီထောက်ပံ့မှု အနေဖြင့် ကူညီထားကြောင်း ထုတ်ပြန်ထားသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် နိုင်ငံတဝှမ်းရှိ လေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်အတွက် ပြည်သူများအနေဖြင့်
ရခိုင်ပြည်ကူညီကယ်ဆယ်ရေး (arakanheritagefoundation@gmail.com / +66641936300)၊ချင်းအမျိုးသားတပ်ဦး (thtetni@gmail.com/ +918798565564)၊
မိုင်ခါဆိုင်ကလုန်း အရေးပေါ်တုံ့ပြန်ရေး(ချင်းပြည်နယ်)(icncc.mocha@gmail.com / +959954633936)နှင့်
လူသားချင်းစာနာထောက််ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန-NUG (mohadm@nugmyanmar.org / +66970890918) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း NUG က အသိပေးထားသည်။ mizzima