မုန်တိုင်းဒဏ်သင့် စစ်တွေသို့ လာရောက်ကူညီသည့် ရိက္ခာယာဉ်တန်းကို စစ်တပ်က တားမြစ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို လာရောက်ကူညီတဲ့ ရိက္ခာယာဉ်တန်းဟာ မေ ၁၀ ရက်က စတင်ပြီး စစ်တွေမြို့အဝင် ကျောက်တန်းစစ်ဆေးဂိတ်မှာ ပိတ်ဆို့ခံထားရပြီး မုန်တိုင်းပြီးချိန် ဒီနေ့အထိ ဝင်ရောက်ခွင့်မရသေးဘူးလို့ ပရဟိတအဖွဲ့ဝင်တွေနဲ့ ကားသမားတွေထံက သိရပါတယ်။
မိုခါ ဆိုင်ကလုန်း မဝင်ရောက်ခင် မေ ၁၀ ရက်နေ့တည်းက ရိက္ခာတွေတင်ဆောင်လာတဲ့ ကယ်ဆယ်ရေးယာဉ်တန်းဟာ မုန်တိုင်းပြီးချိန် မေ ၁၇ ရက်အထိ ဖြတ်သန်းသွားလာခွင့် မရသေးဘူးလို့ ဆိုပါတယ်။
ယာဉ်မောင်းတဦးက “ရိက္ခာခြောက်နဲ့ ရေဘူးတွေ ကလေးတွေအတွက် မုန့်တွေလည်း ပါတာပေါ့။ အခုက ဒီနေရာမှာ တပတ်ကျော်နေပြီဆိုတော့ မုန့်တွေက ကောင်းပါဦးမလား မသိတော့ဘူး။ ပစ္စည်းတွေချမှ ကြည့်ရတော့မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ရိက္ခာတွေတင်ဆောင်လာတဲ့ ယာဉ်တန်းမှာ မုန်တိုင်းတိုက်ခတ်ချိန် အဲ့ဒီဂိတ်စခန်းနားမှာပဲ နေခဲ့ရပြီး တင်ဆောင်လာတဲ့ ပစ္စည်းတွေ ပျက်စီးမှုရှိနိုင်ကြောင်းလည်း သိရပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “မြို့ခံအသင်းတွေနဲ့ ချိတ်ဆက်ပြီး လာကူညီကြတာ။ မုန်တိုင်းဝင်ဖို့ရှိတယ်ဆိုပြီး ပေးမဖြတ်တာ။ မုန်တိုင်းပြီးတော့လည်း ရှင်းလင်းရေးတွေ လုပ်ပြီးမှ ဝင်ခိုင်းမယ်လို့ ပြောတယ်။ အမြန်ဝင်ခွင့်တော့ ရစေချင်ပါတယ်” လို့ ပြောပါတယ်။
မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ သောက်သုံးရေ၊ စားသောက်ကုန်နဲ့ အိ့မ်ဆောက်ပစ္စည်းဈေးတွေ နှစ်ဆခန့် မြင့်တက်နေပြီး ကယ်ဆယ်ရေးယာဉ်တွေ လွတ်လပ်စွာ သွားလာခွင့်ရရှိဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
အဲ့ဒီ စစ်ဆေးရေးဂိတ်က ပရဟိတကယ်ဆယ်ရေး AMBULANCE ယာဉ်တွေကို ဖြတ်သန်းသွားလာခွင့် ပြုထားပြီး ရိက္ခာတင်ကုန်တင်ယာဉ်တွေနဲ့ အိမ်ဆောက်ပစ္စည်းတွေ တင်လာတဲ့ ကားကြီးတွေကို ပိတ်ဆို့တားဆီးထားတာလို့ သိရပါတယ်။
“ရေသန့်စက်အသေးလေးတွေနဲ့ မိုးကာတွေပါတယ်လို့ ကြားတယ်။ အဲ့လောက်ဆို အဆင်ပြေပြီလေ။ အခုက မြို့နဲ့ နီးနီးလေးမှာ ရောက်နေပြီး ဝင်ခွင့်မရတော့ မသုံးရဘူး ဖြစ်နေတာပေါ့။ အခုရက်ထဲ ဝင်ခွင့်ရစေချင်တယ်” လို့ မြို့ခံတဦးက ပြောပါတယ်။ DVB