မြဝတီမြို့နယ်တွင် စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မေလ ၁၇ ရက် ဒီနေ့မနက်အစောပိုင်း ၃ နာရီလောက်က စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံးကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် ၅ မိုင်လောက်အကွာ ကျောက်ဂျူအနီး တောင်ကြောမှာ တိုက်လေယာဉ်နဲ့ ဗုံးသီးတွေကြဲချခဲ့တာဖြစ်ပြီး လူတွေထိခိုက် ဒဏ်ရာရတဲ့ အခြေအနေမသိရသေးပါဘူး။
အဆိုပါဗုံးကြဲမှုနဲ့ ပတ်သက်ပြီး မြဝတီတဖက်ကမ်း မဲဆောက်မှာ နေထိုင်တဲ့ မြန်မာ တဦးက “PDF ရှိနိုင်ကြောင်း ယူဆပုံရတယ်။ ဗုံးသီးက ကြီးနိုင်တယ်။ အိပ်စက်နေတဲ့အချိန်တောင် အိမ်တုန်ခါသွားတယ်”လို့ ပြောပါတယ်။
မြဝတီမြို့နယ်အပါအဝင် ကေအန်ယူ ကရင်အစည်းအရုံးနယ်မြေတွေမှာ စစ်ကောင်စီက တိုက်လေယာဉ်အသုံးပြုပြီး မကြာခဏ ဗုံးကြဲတိုက် ခိုက်နေတာ ဖြစ်ပါတယ်။
မနေ့ ည ၁၀ နာရီဝန်းကျင်လောက်ကလည်း မြဝတီမြို့အမှတ် ၅ ရပ်ကွက် ဂေါက်ကွင်း အရှေ့ဘက် ဝါးတောအဝင်လမ်းရှိ ကောင်းကင်မိုး လက် ဖက်ရည်ဆိုင်အနီးမှာ လက်လုပ်မိုင်းတလုံး အသံကျယ်လောင်စွာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် ဆိုင်အတွင်းက မှန်တွေနဲ့ ကားတစ်စီးအနည်းငယ် ထိခိုက်ပျက်စီးသွားပေမဲ့ လူတွေတော့ ထိခိုက်သေဆုံးမှု သတင်းတွေကတော့ မကြားသိရပါဘူး။ DVB