Monthly Archives: May 2023

ကနီမြို့နယ်၊ ချောင်းမရွာ စာသင်ကျောင်းကို စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲပစ်ခတ်မှု ကျောင်းပိတ်ထား၍ ထိခိုက်မှုနည်း ပါးပြီး ​ကျောင်း​ဆောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမ စံပြကျေးရွာနဲ့ အနီးဝန်းကျင်ရွာတွေကို မေလ ၁၇ ရက် ​​နေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က တိုက်​လေယာဥ်နဲ့ ဗုံးကျဲပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကျဲပစ်ခတ်မူကြောင့် ချောင်းမရွာ စာသင်ကျောင်း ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအနီးက နေအိမ်တွေ ထိခိုက်ပျက်စီးပြီး အသက် ၇ နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်ဆီကသိရပါတယ်။

စစ်တပ်က တိုက်လေယာဥ်နှစ်စီးနဲ့ စာသင်ကျောင်းကိုပတ်ချာလှည့်ပစ်ခတ်သွားတာဖြစ်ပြီး ကျောင်းပိတ်ထားချိန်ဖြစ်တဲ့အတွက် ကလေးတွေကျောင်းမှာမရှိဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။

ပြည်သူများက ရွာမှ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပြီး ရွာထဲဝင်ရောက်ချိန်မှ အသေးစိတ်အခြေအနေကိုသိရှိရမှာဖြစ်တယ်လို့ဆိုပါတယ်။

မေ ၁၇ ရက်နေ့က ချောင်းမရွာ အရှေ့ဘက် ၄ မိုင်ခန့်အကွာ လယ်ရှည်ရွာကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းက မေ ၁၁ ရက်​နေ့ ကတည်းက ယင်းမာပင်နယ် ဘန့်ဘွေးရွာ ပျူစခန်းက ထွက်လာပြီး ကနီနယ်ထဲ ရွာစဉ်ပတ်မွှေစစ် ကြောင်းထိုးနေတာဖြစ်ပါတယ်။ khit thit

ကန့်ဘလူမြို့နယ်တွင် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး၊ ရွာပေါင်း ၃၀ ကျော်မှ ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ် အတွင်း အကြမ်း စစ်တပ် စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ မေလ ၁၇ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် ကန့်ဘလူမြို့နယ်၊ အမှတ် ၆၀၀၆ အမြောက်တပ်က ဟောင်ဝှစ်ဇာမြောက်ကြီးဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ ပစ်ခတ်ခဲ့ရာ ထိန်တောရွာ ကွမ်းခြံထဲတွင် အလုပ်လုပ်နေသူ အသက် ၂၆ နှစ်အရွယ် လင်မယား ၂ ဦးကို ထိမှန်ခဲ့ပြီး အမျိုးသမီး ဖြစ်သူမှာ ဆေးရုံတွင် သေဆုံးသွားကြောင်း၊ အမျိုးသားဖြစ်သူမှာ ဆေးရုံတွင် ဆက် လက်ကုသမှုခံယူနေရကြောင်း သိရသည်။

“ကန့်ဘလူ ၆၀၀၆ တပ်က အမြဲလိုလို လက်နက်ကြီးတွေနဲ့ ပစ်နေတာဗျ၊ အရင်ကလဲ လူအသေအ ပျောက်မရှိပေမယ့် အိမ်တွေပျက်စီးတာရှိခဲ့တယ်၊ အခုကတော့ လူထိပြီး သေဆုံးသွားတာဗျ” ဟု ကျွန်း လှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အလားတူ ယနေ့ မေလ ၁၈ ရက် နံနက် ၇ နာရီခွဲခန့်အချိန် စစ်တပ်က ကန့်ဘလူမြို့နယ်၊ ညောင်ပေါင်ရင်း ကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာနေ စစ်ဘေးရှောင် ပြည်သူနှစ်ဦးကို ပစ်ခတ်ကြောင်း၊ အဆိုပါ ပစ်ခတ်ခံရသူ ၂ ဦးမှာ ရွာသစ်ကုန်း ကျေးရွာနေ အသက် ၂၇ နှစ်အရွယ် အမျိုးသားနှင့် ညောင်ပေါင်းရင်းကျေးရွာနေ အသက် ၁၈ နှစ်အရွယ် လူငယ် ၁ ဦးဖြစ်ပြီး ၁ ဦးမှာ ကျည်ထိမှန် သေဆုံးကြောင်း၊ ကျန် ၁ ဦးမှာ ကျည်ထိမှန်ဒဏ်ရာဖြင့် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“ထန်းကုန်းတိုက်နယ်ထဲကို စစ်ကြောင်း ၄ ကြောင်းနဲ့ မနေ့က ကတည်းက ထိုးနေတာဗျ၊ စစ်ဘေးရှောင် တဲ့ အမျိုးသား နှစ်ဦးက စစ်ကြောင်းနဲ့တည့်တည့်တိုးပြီး ပစ်သတ်ခံရတာ၊ ဦးခေါင်းကျည်ထိတဲ့အမျိးသား သေသွားတယ်၊ ကျန်တဲ့တစ်ယောက်က အရေးပေါ်ဆေးကုသမှုခံယူနေရတယ်၊ နေအိမ်တွေလည်း မီးရှို့နေ တယ်၊ လူသားဒိုင်းတွေ ဖမ်းပြီး စစ်ကြောင်းထိုးနေတာ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ထို့ပြင် ယနေ့ မေလ ၁၈ နံနက် ၈ နာရီခန့်အချိန် ထန်းကုန်းတိုက်နယ်၊ ဥာဏ်အင်းကျေး ရွာ ကို စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၂၃ လုံး ၊ စစ်ဘေးရှောင်တဲ ၉ လုံးမီးလောင်ပြာကျခဲ့ကြောင်း၊ ကျွန်းပင် ကုန်းရွာ၌ ညအိမ်တပ်စွဲထားသည့် ခြေမြန်တပ်ရင်း – ၃၆၈ စစ် ကြောင်းက အ သက် ၆၀ အရွယ် ပြည်သူ နှစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း သိရသည်။

ကန့်ဘလူတွင် စစ်တပ်က စစ်ကြောင်း ၄ ကြောင်းဖြင့် ဝင်ရောက်နေမှုကြောင့် ထန်းကုန်းတိုက်နယ် ကျေး ရွာ ၂၃ ရွာအပါအဝင်အနီးအနားကျေး ရွာ စုစုပေါင်း ရွာပေါင်း ၃၀ ခန့်မှ ပြည်သူအမြောက်အများ စစ်ဘေး ရှောင်နေရပြီး ယနေ့ မေလ ၁၈ ရက် နံနက် ၉ နာရီခွဲခန့်တွင်လည်း ဇီးကုန်းတိုက်နယ်၊ မကျည်းကုန်းရွာကို စစ်တပ်က ပစ်ခတ်စီးနင်း၊ မီးရှို့ဖျက်ဆီးပြီးခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်ုသည် ယနေ့ညအထိ မကျည်းကုန်းကျေးရွာ အတွင်း တပ်စွဲထားကြောင်း သိရသည်။ khit thit

ဒေါ်လာ သန်း ၁,၀၀၀ ဖိုး လက်နက်ဝယ်သည့် သေမင်းတမန်ကုန်သွယ်မှု စစ်ကောင်စီလုပ်

စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်လေယာဉ်အများစုအပါအဝင် ဒေါ်လာ သန်း ၁,၀၀၀ မနည်း တန်ဖိုးရှိသည့် စစ်လက်နက်များနှင့် ကုန်ကြမ်းပစ္စည်းများကို ရုရှားနိုင်ငံနှင့် တရုတ်များထံမှ အများဆုံးဝယ်ယူခဲ့ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews က မေ ၁၇ တွင် အစီရင်ခံသည်။

ရုရှားနိုင်ငံထုတ် Mi 35 ရဟတ်ယာဉ်၊ MIG 29 ဂျက်တိုက်လေယာဉ်၊ Yak 130 လေယာဉ်များ၊ တရုတ်နိုင်ငံထုတ် K-8 ဂျက်တိုက်လေယာဉ်များ ဝယ်ယူခဲ့ကြောင်း ကုလကိုယ်စားလှယ်၏ အစီရင်ခံစာတွင် ဖော်ပြပြီး ထိုရောင်းဝယ်မှုကို “သေမင်းတမန် ကုန်သွယ်မှု” ဟု Tom Andrews က ဖော်ညွှန်းသည်။

ပြီးခဲ့သည့် ဧပြီ ၁၁ ရက် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှုတွင် ရုရှားလုပ်တိုက်လေယာဉ် Yak 130 ဖြင့် တိုက်ခိုက်ခဲ့သည်ဟု Tom Andrews က ဆိုသည်။ ထိုတိုက်ခိုက်မှုတွင် ၁၆၀ နီးပါး သေဆုံးခဲ့ရပြီး ထိုအထဲတွင် ကလေးငယ် ၄၀ လည်း ပါဝင်သွားခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီသည် ရုရှားနိုင်ငံထံမှ ဒေါ်လာ ၄၀၆ သန်းဖိုး၊ တရုတ်နိုင်ငံထံမှ ဒေါ်လာ ၂၆၇ သန်းဖိုး၊ အိန္ဒိယထံမှ ဒေါ်လာ ၅၁ သန်းဖိုးနှင့် ထိုင်းထံမှ ဒေါ်လာ ၂၈ သန်းဖိုး ဝယ်ယူတင်သွင်းခဲ့သည်ဟု Tom Andrews ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဝယ်ယူခဲ့သည့် စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများတွင် တိုက်လေယာဉ်များ၊ ကင်းထောက်နှင့် တိုက်ခိုက်ရေးဒရုန်းများ၊ သံချပ်ကာကားများ အဆင့်မြှင့်တင်နိုင်မည့် အစိတ်အပိုင်းများ၊ အဆင့်မြင့်ဒုံးကျည်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ ရေဒါများ၊ စစ်လက်နက်ထုတ်လုပ်နိုင်သည့် စက်ပစ္စည်းအစိတ်အပိုင်းများ ပါဝင်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ လက်နက်ကုန်သွယ်မှုကို နိုင်ငံတကာက ခွင့်ပြုထားပြီး ကြောက်မက်ဖွယ်ကောင်းသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ရန် ခွင့်ပြုထားကြောင်း Tom Andrews က ပြောသည်။

စင်ကာပူမှ မြန်မာသို့ ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၂ ဒီဇင်ဘာအတွင်း ပို့ဆောင်မှုမှာ ဒေါ်လာ ၂၅၄ သန်းဖိုး ရှိသည်၊ လက်နက်ကုန်ကူးသူတို့က စင်ကာပူဘဏ်များကို အကြီးအကျယ် အသုံးချခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

စင်ကာပူနိုင်ငံကမူ မြန်မာသို့ လက်နက်မရောင်းကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဖေဖော်ဝါရီ ၁၄ ရက်က လွှတ်တော်အစည်းအဝေးတွင် ငြင်းဆိုထားသည်။

“မြန်မာနိုင်ငံကို ကာကွယ်ရေးပစ္စည်းများရောင်းချမှု ကြီးကြီးမားမားမရှိခဲ့ဘဲ အရပ်သားများကို တန်ပြန်တိုက်ခိုက်ရန် မသင့်လျော်သည့် ပစ္စည်းများကိုလည်း အမြဲတစေ ကန့်သတ်ထားပါတယ်၊ မြန်မာနိုင်ငံကို ကာကွယ်ရေးပစ္စည်းရောင်းချမှု တစ်စုံတစ်ရာမရှိခဲ့ဘဲ ရှေ့ဆက်ပြီးလည်း တာဝန်သိစိတ်နဲ့ ဆက်လက်ဆောင်ရွက်သွားပါမယ်” ဟု Vivian Balakrishnan က ဆိုသည်။

စစ်ကောင်စီကို လက်နက်ရောင်းချမှု၊ လွှဲပြောင်းပေးအပ်မှုများကို ပိတ်ပင်တားဆီးရန် ပူးပေါင်းဆောင်ရွက်ကြရန်လည်း Tom Andrews က တိုက်တွန်းထားသည်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သူ မစ္စယန်ဟီးလီပါဝင်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအဖွဲ့ Special Advisory Council for Myanmar (SAC-M) က ဇန်နဝါရီ ၁၆ တွင် စစ်ကောင်စီအတွက် လက်နက်အထောက်အပံ့ပေးနေသည့် နိုင်ငံများနှင့် ပတ်သက်၍ အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့သေးသည်။

ထိုအစီရင်ခံစာတွင် ဂျာမဏီ၊ အစ္စရေး၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်နှင့် ယူကရိန်း၊ စင်ကာပူနိုင်ငံတို့မှ ကုမ္ပဏီများသည် စစ်ကောင်စီကို လက်နက်ထုတ်လုပ်နိုင်ရန် အကူအညီပေးနေသည်ဟု ဖော်ပြထားသည်။

အဆိုပါ နိုင်ငံများမှ နိုင်ငံပိုင်ကုမ္ပဏီများအပါအဝင် အင်ဂျင်နီယာများသည် လက်နက်ထုတ်စက်ရုံများကို တိုက်ရိုက်ပံ့ပိုးခြင်းနှင့် နည်းပညာများ ဖြန့်ဝေခြင်းတို့ကို စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေသည်ဟု SAC-M ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၅ ရက် လေတပ် (၇၅) နှစ်ပြည့် အခမ်းအနားတွင် ဘက်စုံသုံး အကြီးစားတိုက်လေယာဉ် Su-30 SME, ဘက်စုံသုံး အပေါ့စားတိုက်ခိုက်ရေးလေယာဉ် FTC 2000 G, ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ် Ka-28, ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် FT-7 တို့ကို စစ်ခေါင်းဆောင်က တပ်တော်ဝင်ပွဲ ခေါ် မိတ်ဆက်ပွဲအခမ်းအနား လုပ်ပေးခဲ့သည်။

ထိုအခမ်းအနားတွင် ဝေဟင်၊ မြေပြင်၊ ရေပြင်နှင့် ရေအောက် စစ်ဆင်ရေးပြုလုပ်နိုင်ပြီဟုလည်း စစ်ခေါင်းဆောင်က ပြောသွားသည်။

ဤအတောအတွင်း အာဏာသိမ်းမှု ဆန့်ကျင်သူတို့က လူကြိုက်များခဲ့သည့် မြန်မာဘီယာ အပါအဝင် စစ်တပ်နှင့် ဆက်နွှယ်နေသော ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို သပိတ်မှောက်ရန် အများပြည်သူကို တိုက်တွန်းလျက်ရှိသည်။

စစ်တပ်က ထိုလုပ်ငန်းများမှ ရရှိသော ဝင်ငွေဖြင့် ကျည်ဆန်များ ထုတ်လုပ်၊ ဝယ်ယူပြီး အများပြည်သူကို ရန်ပြုနေသည်ဟုလည်း လှုံ့ဆော်သူတို့က သတိပေးထားသည်။ myanmar now

မြင်းခြံမြို့နယ်တွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်၊ ဟင်္သာတမြို့ ပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွား

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Natogyi Regional Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၈ ရက်နေ့ နံနက် အစောပိုင်းတွင် မြင်းခြံမြို့မှ ကုက္ကဲ ရဲစခန်းသို့ တပ်ကူသွားသော စစ်ကား ၅ စီးသည် ကုက္ကဲ ရဲစခန်းမှ အပြန် လမ်းပိုင်း တစ်နေရာ၌ တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကား ၁ စီး ပျက်စီးကာ စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေ အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်စက္ကခ အဖွဲ့၊ M 35 အဖွဲ့နှင့် မြင်းခြံခရိုင်း တပ်ရင်း ၈ Natogyi Regional Defence Force တို့ က ပူးပေါင်းလုပ် ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ပေါ်တွင် ယနေ့ ညနေ ၅ နာရီခန့်၌ ဟင်္သာတမြို့ ဘူတာရုံအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

“ဟင်္သာတမြို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန DME အိမ်ရှေ့ ဟင်္သာတမြို့ ဘူတာရုံ အနီးမှာ ပေါက်ကွဲမှုဖြစ်တာ လူ အထိအခိုက်မရှိဘူး။ စစ်ခွေးတွေကတော့ ထုံးစံအတိုင်း လမ်းတွေ ပိတ်ထားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။ khit thit

ဘီးလင်းသို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေ

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၁)နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်သို့ စစ် ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို KNAL ပူးပေါင်းတပ်မှ ထပ်မံ၍ ကြားဖြတ်တိုက်ခိုက်ရာ တပ်သားသုံးဦးသေဆုံးကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်များမှ ပြောသည်။

ဘီးလင်းမြို့နယ်၊ မဲလံကျေးရွာဘက်မှဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းအား နယ်ခြားရွာ (ကျား ကွင်း) အနီးတွင် ယနေ့ မေလ ၁၈ ရက် နံနက် ၇ နာရီ ၁၀ မိနစ်ဝန်းကျင်၌ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“မနက်စောစောက ဘီးလင်းချောင်းဟို ဘက်ကမ်းမှာ တိုက်ပွဲခဏဖြစ်သေးတယ်။ စစ်ကောင်စီတပ်သား သုံးယောက်သေတယ်။ ကျန်တဲ့ အ သေးစိတ်ကတော့ မသိရသေးဘူး”ဟု KNU နှင့် နီးစပ်သော သတင်း ရင်းမြစ်တစ်ဦးက မဇ္ဈိမသို့ပြောသည်။

မဲလံကျေးရွာဘက်မှဆင်းလာသော အင်အား ၁၀၀ ဝန်းကျင်ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တပ်မဟာ (၁) KNLA တပ်ခွဲ (၂)၊ KRF ပါဝင်သော ပူးပေါင်းစစ်ကြောင်းက အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“အနီးအနားက ရွာတွေကိုတော့ ရှောင်ခိုင်းထားကြတယ်။ ဒီဘက်ကတော့ အထိအခိုက်မရှိကြဘူး” ဟု အဆိုပါသတင်းရင်းမြစ်က ဆိုသည်။

ဘီးလင်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများပြုလုပ်ရန် ဗျူဟာမှူးကိုယ်တိုင်ဦးဆောင်၍ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ဆင်းလာသည့်အဆိုပါစစ်ကြောင်းကို မေလ ၁၅ ရက်နေ့မှစ၍ လေးကြိမ်ထက်မနည်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံထံမှ သိရသည်။

မေလ ၁၅ ရက်နေ့နှင့် ၁၆ ရက် နှစ်ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၂၅ ဦးသေဆုံးကာ ၂၀ ဦးဒဏ်ရာရခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

မဇ္ဈိမအနေဖြင့် စစ်ကောင်ဘက်မှ ထိခိုက်ကျဆုံးမှုအသေးစိတ်ကို ဒေသခံများထံမှ အတည်ပြုချက် ရယူ နိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ကလည်း ထိုစစ်ကြောင်း ခေတ္တအထိုင်ချရာ ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာရှိ နတ်ကြီးစစ်ကောင်စီစခန်းအား KNLA ၊ PDF ပူးပေါင်းတပ်မှ ဒရုန်းဖြင့် ဗုံးသီးလေးလုံးပစ်ချတိုက်ခိုက်ခဲ့ပြီး အထိအခိုက်အပျက်အစီးအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ mizzima

သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထား‌သော တောင်ငူထောင်တွင် ပစ်ခတ်မှုဖြစ်ပြီး နိုင်ငံရေးပုဒ်မဖြင့် အမှုဖွင့်ထားသော အ ကျဉ်းသား များအပါအဝင် ၁၀ ဦးလွတ်မြောက်

သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထား‌သော တောင်ငူထောင်တွင် ပစ်ခတ်မှုဖြစ်ပြီး နိုင်ငံရေးပုဒ်မဖြင့် အမှုဖွင့်ထားသော အ ကျဉ်းသား များအပါအဝင် အကျဉ်းသား ၁၀ ဦးလွတ်မြောက်ခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။

မေလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်အချိန် တောင်ငူအကျဉ်းထောင်အတွင်း တရားရုံးထုတ်၍ အချုပ်ခန်းချိန်းစဉ် အကျဉ်းသား ၁၀ ဦးက ဒုရဲအုပ် အေးသော် ထံမှ ခြောက်လုံးပြူး ၁ လက်၊ ရဲတပ်သား အောင်သူဝင်းထံမှ G-3 တစ်

၁ လက်ကို ယူဆောင်၍ တောင်ငူအကျဉ်းထောင်အတွင်းမှ ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ထွက်ပြေးသွားသော အကျဉ်းသား ၁၀ ဦးကို လိုက်လံဖမ်းဆီးရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး တပ်ကြပ်ကြီး မောင်မျိုး သေ ဆုံးပြီး တပ်သား ၁ ဦး၏ ကာဘိုင် ၁ လက်၊ မောင်းပြန် သေနတ် ၁ လက် ထပ်မံပါသွားကြောင်း သိရှိရသည်။

တောင်ငူထောင်တွင် ဒုအရာခံ ရွှေဗျိုင်းက ဦးဆောင်ပြီး ပျူစောထီးများနှင့် ပြည်သူ့စစ်များက စစ်တပ်နှင့်အတူပူးတွဲ လုံခြုံရေး ယူနေခြင်းဖြစ်ပြီး သမ္မတဦးဝင်းမြင့်ကို ချုပ်နှောင်ထားသော ထောင်တစ်ခုဖြစ်ကြောင်း၊ စစ်တပ် အင်အား မရှိ၍ ပြည်သူ့စစ်နှင့် ပျူစောထီးများ၊ စစ်သားဟောင်းများကို တာဝန်ချထားခြင်းဖြစ်ကြောင်း သိရှိရသည်။

“လွတ်မြောက်သူတွေက စစ်တပ်က အကြမ်းဖက်ဥပဒေနဲ့ မတရားဖမ်းဆီးထားသူတွေဖြစ်ပါတယ်။ အခု လွတ် မြောက်သူတွေကို ဓာတ်ပုံတွေ နာမည်တွေနဲ့ ဖြန့်ကျက်ပြီး ရှာဖွေနေတာမို့ အမြန်ဆုံး လွတ်မြောက်အောင် ရှောင်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဖရဲသီး သတင်းရင်းမြစ်က ပြောဆိုသည်။ khit thit

လေးလအတွင်း နိုင်ငံအနှံ့ တိုက်ပွဲပေါင်း ၁,၄၀၀ ကျော်ဖြစ်ပွား

၂၀၂၃ ခုနှစ် ပထမလေးလအတွင်း မြို့နယ် ၁၁၅ ခုတွင် တိုက်ပွဲပေါင်း ၁,၄၀၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ့(ISP Myanmar)မှ မေလ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။

အဆိုပါ ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်(EAOs)၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်း တပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်မှု ပြန်များလာကြောင်း ဖော်ပြထားသည်။

“ဒီအထဲကမှ ၅၈ ရာခိုင်နှုန်းကျော်ဟာ တိုင်းရင်းသားလက်နက်ကိုင်(EAOs)နဲ့ ဒေသခံကာကွယ်ရေးတပ် (PDFs)တွေရဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြားဖြစ်ခဲ့တာပါ။ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တပ်အကြားဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ ၂၀၂၂ ခုနှစ် ဇွန်လနောက်ပိုင်း အရေအတွက်အများဆုံးကို ပြန်ရောက်ခဲ့တာလည်းဖြစ်ပါတယ်” ဟု ISP Myanmar က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲပေါင်း ၉,၃၀၀ ကျော်အထိရှိလာပြီဖြစ် ကြောင်းလည်း ISP Myanmar ၏ စာရင်းအရ သိရသည်။

ထိုနှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံအတွင်းမြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက်မှ ၂၀၅ မြို့နယ်တွင် တိုက်ပွဲ များဖြစ်ပွားခဲ့သည်ကိုတွေ့ရပြီး ၅၄ ရာခိုင်နှုန်းမှာ ကရင်ပြည်နယ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စစ်ကိုင်းတိုင်း တွင် ဒုတိယအများဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်ရှိနေပြီး ယခုနှစ် ပထမလေးလပတ် ကာလအတွင်း မြို့နယ် ၅၆ ခုထက်မနည်းတွင် လေကြောင်းတိုက်ခိုက်ခံရမှု ၄၄၂ ကြိမ်ထက်မနည်းရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါကာလအတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သား ၆၉၀ ကျော် သေဆုံးခဲ့ကြောင်းတွေ့ရသည်။

၂၀၂၃ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ စစ်ဘေးရှောင်အရေ အတွက်လည်းတိုးလာပြီး ယခုနှစ် ပထမလေးလပတ်အတွင်း နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် ၆၈၂,၃၄၄ ဦးထက်မနည်းတိုးလာကြောင်းလည်း ISP Myanmarက ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန် ထားသည်။ mizzima

ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု စာသင်ကျောင်းနှင့် နေအိမ် ၅ လုံး ထိခိုက် ပျက်စီး

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့သောကြောင့် စာသင်ကျောင်းနှင့် နေအိမ် ၅ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။

မေလ ၁၈ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့် အကြမ်းဖက် စစ်တပ်က ဒီးမော့ဆိုမြို့နယ်ရှိ ဒေါလျားခူကျေးရွာနှင့် ဖဲလျား ကျေးရွာကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့​ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှု​​ကြောင့် ဒေါလျားခူကျေးရွာနှင့် ဖဲလျား ကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၅ လုံးအပါအဝင် စာသင်ကျောင်းများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။ khit thit

မိုခါမုန်တိုင်းကြောင့် ထွက်ပေါ်လာသည့် ပုံဟောင်းနှင့် ဗီဒီယိုအဟောင်းများ

ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသကို ဗဟိုပြု၍တိုက်ခိုက်ခဲ့သည့် မိုခါမုန်တိုင်း တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ပုံအဟောင်းများနှင့် ဗီဒီယိုအဟောင်းများ ပျံ့နှံ့ခဲ့သည်။

အခြားနိုင်ငံမှ ပုံဖြင့် ထည့်သွင်းဖြန့်ဝေခြင်း

“ကိုသက်”ဖေ့စ်ဘုတ်အကောင့်မှ မေ ၁၄ ရက်နေ့တွင် “သနားလိုက်တာအဖိုးနဲ့အဖွား ရွာမှာလေတိုက် ကြမ်းလို့နေမရဲဘူးဆိုပြီး ဘုန်းကြီးကျောင်းပြေးခဲ့တယ်” စာသားနှင့်အတူ စစ်တွေတွင် မိုခါမုန်တိုင်းဝင် ရောက်နေကြောင်းရေးသားကာ ဓာတ်ပုံခြောက်ပုံဖြင့် ဖြန့်ဝေထားသည်။

အဆိုပါပို့စ်အား ကြိုက်နှစ်သက်သူ ၁၇,၀၀၀ ကျော်၊ မှတ်ချက်ပေးသူ ၈၅၀ နီးပါးနှင့် ပြန်လည်မျှဝေသူ ၈၀၀ ကျော်ရှိနေသည်။

အလားတူပင် ထိုပုံများကို အသုံးပြု၍ ဖေ့စ်ဘုတ်အသုံးပြုသူများမှ “ဒီတိုင်းသာဆိုရင် စစ်တွေတစ်မြို့လုံး နီးပါး ရေဖုံးတော့မယ်” ဟုဆိုကာ ပြန်လည်ဖြန့်ဝေထားခြင်းများကိုလည်း အများအပြားတွေ့ရသည်။

ထိုပုံများထဲမှ လှိုင်းလုံးများရိုက်ခတ်နေသည့်ပုံမှာ မြန်မာနိုင်ငံမှပုံမဟုတ်ပေ။ ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၃ ခုနှစ်ကဖြစ်ပွားခဲ့သော တိုင်ဖွန်းမုန်တိုင်းဖြစ်စဉ်ကပုံဖြစ်သည်ကို တွေ့ရသည်။ ထိုပုံကို dreamstime.com တွင် ဖော်ပြထားသည်။ လင့် – https://bit.ly/3OeJxYo

အလားတူပင် ထိုပုံအကြောင်းကို အချက်အလက်စစ်ဆေးရေးအဖွဲ့တခုဖြစ်သည့် Fact Crescendo Myanmar မှ လည်း အချက်အလက်စစ်ဆေးထားသည်။ လင့် – https://bit.ly/3Ods16S

ဗီဒီယိုဖိုင်နှစ်ခုကို ပေါင်းစပ်ပြုပြင်ပြီး ဖြန့်ဝေခြင်း

ထပ်မံ၍ “soesandikyaw718” အမည်ရှိ Tit Tok အသုံးပြုသူတစ်ဦးမှ “တော်ပါတော့ မိုခါရယ်” ဟု ရေး သားထားသည့် လှိုင်းလုံးများနှင့် လေပွေတိုက်ခတ်နေသည့် ဗီဒီယိုဖိုင်တခုကို မေလ ၁၅ ရက်နေ့က ဖော်ပြ ထားသည်။

ထိုဖိုင်မှာ လေပွေတိုက်ခိုက်နေသည့် ဗီဒီယိုဖိုင်နှင့် ရေလှိုင်းဗီဒီယိုဖိုင်တို့ကို ပေါင်းစပ်ပြုပြင်ထားခြင်းသာ ဖြစ်သည်။ လေပွေတိုက်ခတ်နေသည့်ဖိုင်နှင့် နောက်ခံအဆောက်အဦး၊ လေလွှင့်နေသည့်ပစ္စည်းများ ထပ်တူညီသည့်ဖိုင်ကို ၂၀၂၁ ခုနှစ် မတ်လတွင် အစောဆုံးတွေ့ရသည်။ ထိုဖိုင်ကို imgur.com တွင် ဖော်ပြထား သည်။ လင့် – https://imgur.com/gallery/QP3yV3M

ဗီဒီယိုဖိုင်အဟောင်းဖြင့် ဖြန့်ဝေခြင်း

မိုခါမုန်တိုင်းကို ကြံ့ကြံ့ခံနေသည့်ဟန်ဖြင့် “မုန်တိုင်း မိုခါ အေးဆေးပဲ” ဟုဆိုကာ မိုးလေပြင်းထဲတွင် မတ် တပ်ရပ်နေသည့် လူတစ်ဦး၏ ဗီဒီယိုဖိုင်ကို “s..mooth” အမည်ရှိ Tit Tok အကောင့်မှ မေလ ၁၅ ရက် နေ့တွင် ဖြန့်ဝေထားသည်။ ထိုဗီဒီယိုကို ကြည့်ရှုသူ ၈၀,၀၀၀ ကျော် ရှိနေပြီဖြစ်သည်။

ထိုဗီဒီယိုဖိုင်မှာ မိုခါမုန်တိုင်းတိုက်ခတ်ချိန်တွင် ရိုက်ယူထားခြင်းမဟုတ်ဘဲ အစောဆုံးတင်ထားသည်ကို ၂၀၂၀ ခုနှစ် ဧပြီလတွင် Youtube ၌ တွေ့ရသည်။ Imchung Yanger အမည်ရှိ Youtube အသုံးပြုသူ တဦးမှ ဗီဒီယိုဖိုင်အတိုတင်သည့် Shorts အမျိုးအစားဖြင့် ဖော်ပြထားခြင်းဖြစ်သည်။ လင့် – https://youtube.com/shorts/q0wvhJ1GgJU?feature=share

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima

« Older Entries