ကန့်ဘလူ၌ စစ်ရှောင် ၁ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး၊ ဇီးကုန်းတိုက်နယ်တွင် စစ်ရှောင် ၂ ဦး မြွေကိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်၊ ချပ်ကုန်းရွာက အသက် ၂၄ နှစ်အရွယ် ကိုနော်မှိုင်းဟာ မိသားစုနဲ့အတူ စစ်ဘေးတိမ်းရှောင်နေရချိန် မေ ၁၆ ရက် ညနေပိုင်းက မိုးကြိုးထိမှန် သေဆုံးသွားပါတယ်။
ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင် တာဝန်ရှိသူက “မိုးကြိုးထိပြီး သေဆုံးသွားသူက သူ့ဇနီး သားသမီး ကလေးတွေနဲ့အတူ တောထဲက စစ်ရှောင်တဲမှာ နေကြတာ လချီကြာနေပြီ။ သူတို့ချပ်ကုန်းရွာက ကိုးတောင်ဘို့ စစ်ကောင်စီ အထိုင်စခန်းနဲ့ နီးတဲ့အ တွက် ရွာထဲကပြည်သူတချို့ ရွာထဲမှာ မနေရဲကြဘဲ တောထဲမှာ တဲထိုးကာ စစ်ဘေးရှောင်နေကြရတယ်” လို့ ပြောပါတယ်။
မေ ၁၂ ရက်ကလည်း ဇီးကုန်းတိုက်နယ်က အသက် ၁၇ နှစ်အရွယ် စစ်ရှောင် လူငယ်တယောက်နဲ့ မေ ၁၅ ရက်မှာ ချပ်သင်းတိုက်နယ်က အ သက် ၅၃ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီး ၁ ယောက် အဆိပ်ရှိမြွေကိုက်ခံရပြီး ဆေးကုသမှု ခံယူနေရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတဦးက “၁၇ နှစ်အရွယ် ယောကျ်ားလေးကို အိန္ဒိယမြွေဆိပ်ဖြေဆေး ၁၂ လုံး ထိုးပေးရပြီး အသက် ၅၃ နှစ်အရွယ် အမျိုးသမီးကို BPI မြွေဆိပ်ဖြေဆေး ၄ လုံး ထိုးပေးထားတယ်။ အခု စောင့်ကြည့်ရတဲ့ကာလ ကျော်လွန်ပြီး ၂ ယောက် လုံး အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူး” လို့ ပြောပါတယ်။
မြွေကိုက်လူနာတွေကို အရေးပေါ်ဖြစ်လာရင် လွှဲပြောင်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ DVB