ကရင်နီပြည် ဒီးမော့ဆို အရှေ့ခြမ်းတွင် ၁ ပတ်တာနီးပါးတိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိ ခိုက်ကျဆုံးမှုရှိ

ကရင်နီပြည်၊ ဒီးမော့ဆိုအရှေ့ခြမ်း ၊ တနီးလာလဲတောင်ကြောပေါ်တွင် စစ်ကောင်စီနှင့် ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF )ပူးပေါင်းအဖွဲ့များ အကြားတိုက်ပွဲများပြင်းထန်နေသည်မှာ ငါးရက်ရှိပြီဖြစ်ကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုလည်းရှိကြောင်း သိရသည်။
တိုက်ပွဲများသည် မေလ ၁၄ ရက်နေ့မှစကာ ယနေ့ မေလ ၁၈ ရက်နေ့အထိ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း KNDF၏ ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီးမော့ဆို အရှေ့ခြမ်းဆိုတာ ကန်ခုနှစ်ဆင့်ဘက်လေ။ တနီးလာလဲတို့၊ ဒေါ့ကလော်ဒူအုပ်စုပေါ့။ အဲ့ဒီမှာ တောင်ပေါ်မှာက သူတို့တပ်ရှိတယ်လေ။ အဲ့ဒီမှာ ကျွန်တော်တို့တပ်ကို သူတို့က လာပြီးတော့မှ စီးဖို့ထင်တယ်။ အဲ့တာ တိုက်ပွဲတော့ ဖြစ်နေတုန်းပဲ”ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူးညေးရယ်ကပြောသည်။
တိုက်ပွဲကာလအတွင်း KAမှ ရဲဘော်တစ်ဦး၊ KNDFမှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ငါးဦးခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။ စစ်ကောင်စီဘက်တွင်လည်း ထိခိုက်သေဆုံးမှုများရှိပြီး ဦးရေအတိအကျကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က တိုက်ပွဲအတွင်း လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ခြင်း၊ ဗုံးသီး ကြဲချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းတို့ ပြုလုပ်နေသည့်အပြင် အရပ်သားများနေထိုင်သည့် ကျေးရွာများကိုလည်း ဗုံးကြဲမှုပြုလုပ်နေကြောင်း သိရသည်။
“သူတို့ကလေယာဥ်နဲ့ လာကြဲတယ်။ ဒေါ့လျာခူဆိုတာ အဲ့ဒီကန်ခုနှစ်ဆင့်ဘေးနားရွာတွေပဲ။ အဲ့ဒီမှာ အသက် ၅၀ အရွယ်တစ်ယောက် ၊ နောက်ကလေးမ တစ်ယောက်ထိတယ်။ အိမ်ကတော့ လေး၊ ငါး၊ ခြောက်လုံးလောက် ပျက်တယ်။ နောက်ပြီး မနေ့က ညနေမှာ ကန်ခုနှစ်ဆင့်ရဲ့တောင်ဖက် ဘိုးလျားဆိုတဲ့နေရာကို ဗုံးလာကြဲတယ်။ စစ်ရှောင်တွေနေတဲ့နေရာပေါ့။ ဒါပေမဲ့ စစ်ရှောင်တော့ မထိဘူး။ အဲ့ဒီလမ်းပေါ်မှာရှိတဲ့ ထော်လာဂျီတစ်စီးပျက်တယ်။ နောက်အဲ့ဒီ ထော်လာဂျီမောင်းတဲ့ လူတစ်ယောက်ဒဏ်ရာရသွားတယ်ပြောတယ်”ဟု ခူးညေးရယ်ကပြောသည်။
ယခုရက်ပိုင်းအတွင်း ဒီးမော့ဆို အနောက်ခြမ်းတွင်လည်း တိုက်ပွဲများဖြစ်ပွားနေပြီး ပြီးခဲ့သည့် မေလ ၁၄ရက်နေ့နှင့် ၁၆ရက်နေ့တို့တွင် ဒီးမော့ဆို အနောက်ခြမ်း သေးဆူလဲကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို KNDF တပ်ရင်း အမှတ်( ၅ )က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး ထိခိုက်မှုများလည်း ရှိခဲ့ကြောင်း KNDFက ထုတ်ပြန်ထားသည်။
စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ ကရင်နီပြည်တွင် တိုက်ပွဲပေါင်း ၆၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး KNDF ၊ PDF၊ KAဘက်မှ ကျဆုံးသူ ၂၅၉ ဦး၊ စစ်ကောင်စီဘက်မှ သေဆုံးသူ ဦးရေ၂၀၀၀ နီးပါးရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)က မေလ ၁ရက်နေ့က ထုတ်ပြန်ထားသည်။ mizzima