ဒေါ်လာ သန်း ၁,၀၀၀ ဖိုး လက်နက်ဝယ်သည့် သေမင်းတမန်ကုန်သွယ်မှု စစ်ကောင်စီလုပ်

စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်လေယာဉ်အများစုအပါအဝင် ဒေါ်လာ သန်း ၁,၀၀၀ မနည်း တန်ဖိုးရှိသည့် စစ်လက်နက်များနှင့် ကုန်ကြမ်းပစ္စည်းများကို ရုရှားနိုင်ငံနှင့် တရုတ်များထံမှ အများဆုံးဝယ်ယူခဲ့ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews က မေ ၁၇ တွင် အစီရင်ခံသည်။

ရုရှားနိုင်ငံထုတ် Mi 35 ရဟတ်ယာဉ်၊ MIG 29 ဂျက်တိုက်လေယာဉ်၊ Yak 130 လေယာဉ်များ၊ တရုတ်နိုင်ငံထုတ် K-8 ဂျက်တိုက်လေယာဉ်များ ဝယ်ယူခဲ့ကြောင်း ကုလကိုယ်စားလှယ်၏ အစီရင်ခံစာတွင် ဖော်ပြပြီး ထိုရောင်းဝယ်မှုကို “သေမင်းတမန် ကုန်သွယ်မှု” ဟု Tom Andrews က ဖော်ညွှန်းသည်။

ပြီးခဲ့သည့် ဧပြီ ၁၁ ရက် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှုတွင် ရုရှားလုပ်တိုက်လေယာဉ် Yak 130 ဖြင့် တိုက်ခိုက်ခဲ့သည်ဟု Tom Andrews က ဆိုသည်။ ထိုတိုက်ခိုက်မှုတွင် ၁၆၀ နီးပါး သေဆုံးခဲ့ရပြီး ထိုအထဲတွင် ကလေးငယ် ၄၀ လည်း ပါဝင်သွားခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီသည် ရုရှားနိုင်ငံထံမှ ဒေါ်လာ ၄၀၆ သန်းဖိုး၊ တရုတ်နိုင်ငံထံမှ ဒေါ်လာ ၂၆၇ သန်းဖိုး၊ အိန္ဒိယထံမှ ဒေါ်လာ ၅၁ သန်းဖိုးနှင့် ထိုင်းထံမှ ဒေါ်လာ ၂၈ သန်းဖိုး ဝယ်ယူတင်သွင်းခဲ့သည်ဟု Tom Andrews ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဝယ်ယူခဲ့သည့် စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများတွင် တိုက်လေယာဉ်များ၊ ကင်းထောက်နှင့် တိုက်ခိုက်ရေးဒရုန်းများ၊ သံချပ်ကာကားများ အဆင့်မြှင့်တင်နိုင်မည့် အစိတ်အပိုင်းများ၊ အဆင့်မြင့်ဒုံးကျည်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ ရေဒါများ၊ စစ်လက်နက်ထုတ်လုပ်နိုင်သည့် စက်ပစ္စည်းအစိတ်အပိုင်းများ ပါဝင်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ လက်နက်ကုန်သွယ်မှုကို နိုင်ငံတကာက ခွင့်ပြုထားပြီး ကြောက်မက်ဖွယ်ကောင်းသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ရန် ခွင့်ပြုထားကြောင်း Tom Andrews က ပြောသည်။

စင်ကာပူမှ မြန်မာသို့ ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၂ ဒီဇင်ဘာအတွင်း ပို့ဆောင်မှုမှာ ဒေါ်လာ ၂၅၄ သန်းဖိုး ရှိသည်၊ လက်နက်ကုန်ကူးသူတို့က စင်ကာပူဘဏ်များကို အကြီးအကျယ် အသုံးချခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

စင်ကာပူနိုင်ငံကမူ မြန်မာသို့ လက်နက်မရောင်းကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဖေဖော်ဝါရီ ၁၄ ရက်က လွှတ်တော်အစည်းအဝေးတွင် ငြင်းဆိုထားသည်။

“မြန်မာနိုင်ငံကို ကာကွယ်ရေးပစ္စည်းများရောင်းချမှု ကြီးကြီးမားမားမရှိခဲ့ဘဲ အရပ်သားများကို တန်ပြန်တိုက်ခိုက်ရန် မသင့်လျော်သည့် ပစ္စည်းများကိုလည်း အမြဲတစေ ကန့်သတ်ထားပါတယ်၊ မြန်မာနိုင်ငံကို ကာကွယ်ရေးပစ္စည်းရောင်းချမှု တစ်စုံတစ်ရာမရှိခဲ့ဘဲ ရှေ့ဆက်ပြီးလည်း တာဝန်သိစိတ်နဲ့ ဆက်လက်ဆောင်ရွက်သွားပါမယ်” ဟု Vivian Balakrishnan က ဆိုသည်။

စစ်ကောင်စီကို လက်နက်ရောင်းချမှု၊ လွှဲပြောင်းပေးအပ်မှုများကို ပိတ်ပင်တားဆီးရန် ပူးပေါင်းဆောင်ရွက်ကြရန်လည်း Tom Andrews က တိုက်တွန်းထားသည်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သူ မစ္စယန်ဟီးလီပါဝင်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအဖွဲ့ Special Advisory Council for Myanmar (SAC-M) က ဇန်နဝါရီ ၁၆ တွင် စစ်ကောင်စီအတွက် လက်နက်အထောက်အပံ့ပေးနေသည့် နိုင်ငံများနှင့် ပတ်သက်၍ အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့သေးသည်။

ထိုအစီရင်ခံစာတွင် ဂျာမဏီ၊ အစ္စရေး၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်နှင့် ယူကရိန်း၊ စင်ကာပူနိုင်ငံတို့မှ ကုမ္ပဏီများသည် စစ်ကောင်စီကို လက်နက်ထုတ်လုပ်နိုင်ရန် အကူအညီပေးနေသည်ဟု ဖော်ပြထားသည်။

အဆိုပါ နိုင်ငံများမှ နိုင်ငံပိုင်ကုမ္ပဏီများအပါအဝင် အင်ဂျင်နီယာများသည် လက်နက်ထုတ်စက်ရုံများကို တိုက်ရိုက်ပံ့ပိုးခြင်းနှင့် နည်းပညာများ ဖြန့်ဝေခြင်းတို့ကို စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေသည်ဟု SAC-M ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၅ ရက် လေတပ် (၇၅) နှစ်ပြည့် အခမ်းအနားတွင် ဘက်စုံသုံး အကြီးစားတိုက်လေယာဉ် Su-30 SME, ဘက်စုံသုံး အပေါ့စားတိုက်ခိုက်ရေးလေယာဉ် FTC 2000 G, ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ် Ka-28, ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် FT-7 တို့ကို စစ်ခေါင်းဆောင်က တပ်တော်ဝင်ပွဲ ခေါ် မိတ်ဆက်ပွဲအခမ်းအနား လုပ်ပေးခဲ့သည်။

ထိုအခမ်းအနားတွင် ဝေဟင်၊ မြေပြင်၊ ရေပြင်နှင့် ရေအောက် စစ်ဆင်ရေးပြုလုပ်နိုင်ပြီဟုလည်း စစ်ခေါင်းဆောင်က ပြောသွားသည်။

ဤအတောအတွင်း အာဏာသိမ်းမှု ဆန့်ကျင်သူတို့က လူကြိုက်များခဲ့သည့် မြန်မာဘီယာ အပါအဝင် စစ်တပ်နှင့် ဆက်နွှယ်နေသော ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို သပိတ်မှောက်ရန် အများပြည်သူကို တိုက်တွန်းလျက်ရှိသည်။

စစ်တပ်က ထိုလုပ်ငန်းများမှ ရရှိသော ဝင်ငွေဖြင့် ကျည်ဆန်များ ထုတ်လုပ်၊ ဝယ်ယူပြီး အများပြည်သူကို ရန်ပြုနေသည်ဟုလည်း လှုံ့ဆော်သူတို့က သတိပေးထားသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s