ဖယ်ခုံတိုက်ပွဲ စစ်ကောင်စီတပ် အကျအဆုံးရှိ၊ PDFရဲဘော် ၂ ဦးဒဏ်ရာရဟုဆို

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDF Pekhon တို့ ယမန်နေ့ မေလ ၁၇ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်တွင် သေဆုံးမှုရှိသလို PDF ရဲဘော်နှစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ မေလ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်က ဖယ်ခုံမြို့၊ အမှိုက်ကျင်းဘက်မှ စစ်ကြောင်းထိုးလာ သည့် စစ်ကောင်စီတပ်သားများနှင့် PDF Pekhon တပ်ရင်း (၁) တို့ ၁၅ မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။
“ PDF က လက်ဦးပြီးပစ်ခတ်တယ်။ အပြန်အလှန်ပေါ့။ စစ်ကောင်စီ ဖက်ကတော့ အကျအဆုံး ရှိတယ်။ အတိအကျအတည်ပြုနိုင်ခြင်းမရှိသေးဘူးဗျ” ဟု ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထောက်ပို့ရဲဘော်တစ်ဦးက မဇ္ဈိမသို့ပြောသည်။
PDF ရဲဘော်နှစ်ဦးလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း ၎င်းက ပြောသည်။
မြေပြင်တွင် တိုက်ပွဲဖြစ်ပွားနေချိန်တွင် ခမရ (၃၃၆) တပ်၊ စကခ (၇) တပ်ရင်း၊ ဖယ်ခုံရဲစခန်းနှင့် ထွေအုပ်ရုံးတို့တွင် တပ်စွဲထားသည့် စစ်ကောင် စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ မြေပြင်မှ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ မေလ ၁၈ရက်တွင် ဖယ်ခုံမြို့၊ လတူးရွာအထိ ရောက်ရှိလာပြီဟု တော်လှန်ရေးအင်အားစုများကပြောသည်။
ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်အစပ်ရှိ ပင်လောင်း-ဖယ်ခုံဒေသတွင် ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ ဧပြီလကုန်ပိုင်းခန့်တွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် မေလအတွင်း၍ တကျော့ပြန် ထပ်မံအင်အားဖြည့်တင်းကာ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ရိက္ခာနှင့် လက်နက်ခဲယမ်းများအား ကုန်းလမ်းမှပို့ဆောင်နိုင်ရန်နှင့် နယ်မြေစိုးမိုးမှု ပြန်လည်ရရှိနိုင်ရန် ပင်လောင်း-ဖယ်ခုံ အစပ်တွင် အင်အားသုံးထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ဗဟို သတင်းနှင့်ပြန်ကြား ရေး တာဝန်ရှိသူက သုံးသပ်ထားသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း ရှမ်း-ကရင်နီနယ်စပ်ရှိ ဖယ်ခုံနှင့်ပင်လောင်းမြို့နယ်တို့တွင် တိုက်ပွဲပေါင်း အကြိမ် (၅၀) ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၇၀) ဦး သေဆုံးခဲ့ကြောင်း KNDF ကမေလ ၃ ရက်တွင်ထုတ်ပြန်ထားသည်။ mizzima