ဖားကန့်-မြစ်ကြီးနားလမ်းတွင် စစ်ကောင်စီတပ်က ရွာသားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်နဲ့ မြစ်ကြီးနားကားလမ်းမပေါ်မှာရှိတဲ့ နန့်ယာကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက မေလ ၁၇ ရက် မနက် ၆ နာရီဝန်းကျင်လောက်မှာ မိုးကောင်းကို သွားဖို့ နန့်ယာကျေးရွာသား ၁၅ ယောက်လောက်နဲ့ လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာက ပြည်သူတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံထံက သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းက သူတို့စစ်ကြောင်းလုံခြုံရေးအတွက် နန့်ယာကျေးရွာက နေအိမ်တွေကို အင်အားနဲ့ ဝင်ရောက်ကာ ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ဖမ်းဆီးခေါ်ဆောင်ခံရတဲ့အထဲမှာ အမျိုးသမီးတွေနဲ့ အသက် ၄ နှစ်အောက်ကလေးငယ်တွေနဲ့ မိန်းကလေးငယ်လေးတွေ ပါဝင်တယ်လို့ ကျေးရွာခံတစ်ဦးက ပြောပါတယ်။
“ကျနော် သိတာက ၁၅ ယောက်လောက်ရှိတယ်။ အိမ်တွေကို အတင်းဝင်၊ တံခါးတွေ ကန်ဖွင့်ပြီးခေါ်သွားတာ၊ သူတို့လုံခြုံရေးအတွက်ပေါ့၊ ပြည်သူတွေပါတော့ သူတို့ကို ကေအိုင်အေတွေ မတိုက်ဘူးဆိုပြီးတော့ပေါ့။”
ဖမ်းဆီးခံရသူတွေထဲမှာ ကလေးရှိတဲ့ငယ်မိခင်တွေ ပါဝင်ပြီး အသက် ၂ နှစ်နဲ့ ၃ နှစ်အရွယ် ကလေးငယ်တွေ ပါဝင်သလို အသက် ၁၃ နှစ်နဲ့ ၁၅ နှစ်ကြား မိန်းကလေးငယ်တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ ဖမ်းဆီးခံရတဲ့ ရွာသားတွေနဲ့ အဆက်အသွယ်မရသေးသလို ဘယ်မှာ ရောက်နေတယ်ဆိုတာလည်း မသိရသေးပါဘူး။
စစ်ကောင်စီ စစ်ကြောင်းဟာ မေလ ၁၃ ရက်နဲ့ ၁၅ ရက်တွေမှာလည်း တံတားညီနောင်နဲ့ နန့်ယာကျေးရွာအကြား ကေအိုင်အေနဲ့ တိုက်ပွဲဖြစ် ပွားခဲ့ပြီး မြစ်ကြီးနား-ဖားကန့်လမ်းကို ၃ ရက်ကြာ ပိတ်ထားခဲ့ရပါသေးတယ်။ DVB