ဘီးလင်းသို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေ

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၁)နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်သို့ စစ် ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို KNAL ပူးပေါင်းတပ်မှ ထပ်မံ၍ ကြားဖြတ်တိုက်ခိုက်ရာ တပ်သားသုံးဦးသေဆုံးကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်များမှ ပြောသည်။
ဘီးလင်းမြို့နယ်၊ မဲလံကျေးရွာဘက်မှဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းအား နယ်ခြားရွာ (ကျား ကွင်း) အနီးတွင် ယနေ့ မေလ ၁၈ ရက် နံနက် ၇ နာရီ ၁၀ မိနစ်ဝန်းကျင်၌ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“မနက်စောစောက ဘီးလင်းချောင်းဟို ဘက်ကမ်းမှာ တိုက်ပွဲခဏဖြစ်သေးတယ်။ စစ်ကောင်စီတပ်သား သုံးယောက်သေတယ်။ ကျန်တဲ့ အ သေးစိတ်ကတော့ မသိရသေးဘူး”ဟု KNU နှင့် နီးစပ်သော သတင်း ရင်းမြစ်တစ်ဦးက မဇ္ဈိမသို့ပြောသည်။
မဲလံကျေးရွာဘက်မှဆင်းလာသော အင်အား ၁၀၀ ဝန်းကျင်ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တပ်မဟာ (၁) KNLA တပ်ခွဲ (၂)၊ KRF ပါဝင်သော ပူးပေါင်းစစ်ကြောင်းက အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။
“အနီးအနားက ရွာတွေကိုတော့ ရှောင်ခိုင်းထားကြတယ်။ ဒီဘက်ကတော့ အထိအခိုက်မရှိကြဘူး” ဟု အဆိုပါသတင်းရင်းမြစ်က ဆိုသည်။
ဘီးလင်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများပြုလုပ်ရန် ဗျူဟာမှူးကိုယ်တိုင်ဦးဆောင်၍ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ဆင်းလာသည့်အဆိုပါစစ်ကြောင်းကို မေလ ၁၅ ရက်နေ့မှစ၍ လေးကြိမ်ထက်မနည်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံထံမှ သိရသည်။
မေလ ၁၅ ရက်နေ့နှင့် ၁၆ ရက် နှစ်ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၂၅ ဦးသေဆုံးကာ ၂၀ ဦးဒဏ်ရာရခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
မဇ္ဈိမအနေဖြင့် စစ်ကောင်ဘက်မှ ထိခိုက်ကျဆုံးမှုအသေးစိတ်ကို ဒေသခံများထံမှ အတည်ပြုချက် ရယူ နိုင်ခြင်းမရှိသေးပေ။
ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ကလည်း ထိုစစ်ကြောင်း ခေတ္တအထိုင်ချရာ ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာရှိ နတ်ကြီးစစ်ကောင်စီစခန်းအား KNLA ၊ PDF ပူးပေါင်းတပ်မှ ဒရုန်းဖြင့် ဗုံးသီးလေးလုံးပစ်ချတိုက်ခိုက်ခဲ့ပြီး အထိအခိုက်အပျက်အစီးအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ mizzima