ရေစကြို၊ မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီယာဉ်တန်းနှင့် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြည့်ကန်ကျေးရွာနားမှာ မေ ၁၇ ရက် မနက် ၁၁ နာရီဝန်းကျင်က စစ်သား ၈၀ လောက်ပါလာတဲ့ စစ်ကောင်စီတပ်ယာဥ်တန်း ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ဇီးတောပျူကျေးရွာကနေ ဆင်ချောင်းပျူကျေးရွာကို ထွက်လာတဲ့ စစ်ကောင်စီတပ်ယာဥ်တန်းကို ပဒေသာမိုင်း ၁၀ လုံး အသုံးပြု ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြို ပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“မိုင်းက ဆယ်လုံးတွဲ ပဒေသာပေါ့နော်၊ ကျနော်တို့ အနီးကပ်ရှော့တိုက်ပြီးခွဲခဲ့တာ။ စစ်ကား ၃ စီး ယာဥ်တန်းမှာ နောက်နှစ်စီး ထိတယ်၊ ကားကို ချက်ချင်းမောင်းထွက်သွားတော့ ကားပျက်စီးမှုတော့ မသိရဘူး။”
စစ်ကောင်စီတပ်ယာဥ်တန်း ၃ စီးက မိုင်းမခွဲခံရခင်ကတည်းက သေနတ်တွေ ပစ်ဖောက်လာခဲ့ပြီး မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်က ၈ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကားပေါ်ကနေ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ထပ်မံပစ်ခတ်သွားခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက် မရှိဘူးလို့ သိရပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မေ ၁၇ ရက် ညနေက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး ၈ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။
မြိုင်မြို့နယ် သရက်ခွရွာ ပျူစောထီးစခန်း မြောက်ဘက်ဂိတ်မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး အင်အား ၁၀ ယောက်လောက်ကို မနေ့ မေ ၁၇ ရက် ညနေ ၅ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အလစ်အငိုက် တိုက်ခိုက်ခဲ့တာလို့ မြိုင် ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ဘက်က လက်နက်ကြီး အလုံး ၃၀ လောက်နဲ့ ည ၇ နာရီ ၂၈ မိနစ်အထိ အချိန် ၂ နာရီကျော်လောက်ကြာအောင် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးတာကို မျက်မြင်တွေ့ရှိရပြီး အတွင်းသတင်းအရ ၈ ယောက် သေတယ်လို့ သိရတယ်။”
အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ကိုအောင်ကြီးအဖွဲ့၊ စကြာအဖွဲ့ (ပေါက်) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB