ရွှေဘိုအနောက်ခြမ်း ကံသာကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ပြီးနောက် လူ ၅၀ နီးပါး ကို ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းမှ ကံသာကုန်းကျေးရွာကို ယနေ့ မေလ ၁၈ ရက် နံနက် အစောပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးကာ ဒေသခံ ၅၀ နီးပါးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် ညောင်ပင်သာကျေးရွာအနီး စိုက်ပျိုးရေးသိပ္ပံခြံတွင် တပ်စွဲထားသည့် စစ် ကြောင်းဖြစ်ပြီး ယနေ့ နံနက်အစောပိုင်းတွင် ကံသာကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ် ကြောင်း People’s Defense Comrade အဖွဲ့တာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်
“မနက် ၆ နာရီလောက်မှာ ကံသာကုန်းရွာကိုဝင်စီးပြီး အိမ်တွေကို မီးရှို့သွားတယ်။ အပျက်အစီးအထိ အခိုက်တော့ မသိရသေးဘူး။ မနက်အ စောကြီး တိတ်တဆိတ်ဝင်စီးတာဆိုတော့ လူတွေလည်း အငိုက်မိ သွားတယ်။ ဒေသခံ ၅၀ လောက်ကို လူသားဒိုင်းအဖြစ်ဖမ်းသွားတာ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူများထဲတွင် ကလေးသူငယ်များလည်းပါဝင်ပြီး ညောင်ပင်သာကျေး ရွာ ဘိုတဲကုန်းဘုန်းကြီးကျောင်းအတွင်းသို့ ခေါင်းဆောင်သွားကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် မေလ ၄ ရက်နေ့က ရေဦးနယ်အနောက်ခြမ်းရှိ ချမ်းသာကျေးရွာမှ စာသင်ကျောင်း ကို မိုင်းခွဲမီးရှို့ခဲ့ပြီး မေလ ၈ ရက်နေ့တွင် ရွှေဘိုနယ် သရက်ပင်ကွင်းရွာမှ နေအိမ် ၂၂ လုံးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ကိုထူးခန့်ဇော်က ဆိုသည်။
ညောင်ပင်သာကျေးရွာ စိုက်ပျိုးရေးသိပ္ပံခြံတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့မှာ အင်အား ၁၅၀ နီး ပါးရှိပြီး ရွှေဘို၊ ခင်ဦးနှင့် ရေဦးမြို့ နယ် များအတွင်းသို့ လှည့်လည်စစ်ကြောင်းထိုးနေသည့် စစ်ကြောင်းတခု ဖြစ်သည်။ mizzima