စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးမှုများ နေ့စဉ်ပြုလုပ်နေ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် အရပ်သားပြည်သူများအား စစ်ကောင်စီတပ်ဖွဲ့က ယခုတစ်ပတ်အတွင်း၌ စစ်ဆေးဖမ်းဆီးမှုများ နေ့စဉ် ပြုလုပ်နေကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းထံက သိရသည်။
“ကျွန်တော်တို့ ဒီရက်ပိုင်း စမ်းချောင်းမှာ အစစ်အဆေးတွေရော ၊ အဖမ်းအဆီးတွေရော များတာတွေ့ရပါတယ်။ ပုံမှန်ဆိုရင် ယာဉ်ထိန်းရဲရယ်၊ ရဲတွေရယ်ပေါင်းပြီး ကားတွေကိုစစ်ပြီး ပိုက်ဆံတောင်းတာလောက်ပဲရှိတယ်။ လမ်းသွားလမ်းလာလူငယ်တွေကို ဖမ်းဆီးတာမရှိဘူး။ အခုနောက်ပိုင်းမှာ ညဘက် သန်းခေါင်စာရင်းစစ်ပြီးတော့ အိမ်ထဲဝင်ဖမ်းတဲ့ဖြစ်စဉ်တွေရှိသလို လမ်းသွားလမ်းလာလူငယ်တွေကိုလည်း စစ်တပ်နဲ့ရဲက တားဆီးစစ်ဆေးတာ ဖမ်းဆီးမှုတွေလုပ်လာတာကို တွေ့ရတယ်” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ဥက္ကဋ္ဌက မဇ္ဈိမကို ပြောသည်။
ဖမ်းဆီးခံရသူများမှာ အရပ်သားလူငယ်များဖြစ်ပြီး စမ်းချောင်းရှိ တော်လှန်ရေးအဖွဲ့ဝင်များ နှင့် ဆက်စပ်သူများ မဟုတ်ကြောင်းကိုလည်း ဥက္ကဋ္ဌက အတည်ပြုသည်။
ဖမ်းဆီးပုံမှာ လမ်းသွားလမ်းလာလူငယ်များအား ပစ်မှတ်ထားခြင်းဖြစ်ပြီး ညနေပိုင်းနှင့် ညပိုင်းများတွင် အဖမ်းများကြောင်း ၊ ယခင်က ဧည့် စာရင်းစစ်မည်ဟုအကြောင်းပြကာ အိမ်ထဲအထိဝင်ဖမ်းသည့်ဖြစ်စဉ် များသော်လည်း ယခုလက်ရှိတွင် လမ်းမပေါ်တွင်သာ စစ်မေး၍ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“အထက်က ဖိအားကြောင့် UG တို့ ၊ PDF တို့ ၊ သပိတ်က ရဲဘော်တို့ကိုဖမ်းလို့မရလို့ လူငယ်တွေကို လိုက်ဖမ်းနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဒါကြောင့် ဒီရက်ပိုင်းမှာ လူငယ်တွေအနေနဲ့ အရေးကြီးတဲ့ကိစ္စမဟုတ်လို့ရှိရင် ညနေပိုင်း၊ ညပိုင်းမှာ အပြင်သွားတာကို ရှောင်ကြဉ်ပေးစေချင်ပါတယ်။ အခန့်မသင့်ရင် စစ်ကောင်စီတပ်က တွေ့ကရာဖမ်းနေတဲ့အတွက် အဖမ်းခံရတဲ့အခြေအနေတွေရှိလာနိုင်ပါတယ်” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ဥက္ကဋ္ဌက ဆက်ပြောသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်၌ PDF များ ဝင်ရောက်လာပြီဟူသော ကောလာဟလသတင်းများ ထွက်ပေါ်နေသည့်အတွက် နေရာအများစုတွင် တင်းကျပ်စစ်ဆေးမှုများရှိနေပြီး ဖမ်းဆီးခံရသော်လည်း သတင်းထွက်ပေါ်မှုမရှိသည့် ဖြစ်စဉ်များလည်းရှိကာ ယခုတစ်ပတ်အတွင်း အရပ် သားလူငယ် ၃၀ နီးပါး ဖမ်းဆီးခံထားရသည်ဟု သတင်းရရှိကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ဥက္ကဋ္ဌက ပြောသည်။ mizzima