ကနီမြို့နယ် ချောင်းမရွာကို စစ်တပ်က တိုက် လေယာဉ် ၂ စီးဖြင့်ဗုံးကြဲ၊ စာသင်ကျောင်းပျက်စီး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမစံပြကျေးရွာနှင့် အနီးဝန်းကျင်ရွာများကို စစ်ကောင်စီတပ်က တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကျေးရွာစာသင်ကျောင်းနှင့် ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။
မေလ ၁၇ ရက် မွန်းလွဲ ၂နာရီ ၄၅မိနစ်အချိန်ခန့်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ် နှစ်စင်းဖြင့် ဗုံးကြဲခဲ့၍ ချောင်းမရွာ စာသင် ကျောင်း၊ ဝန်ထမ်းအိမ်ရာများနှင့် အနီးဝန်းကျင်ရှိ နေအိမ်များ ပျက်စီးခဲ့သည်ဟု ဆိုသည်။
“ဗုဒ္ဓဟူးနေ့က တိုက်လေယာဉ်တွေနဲ့ လာပစ်သွားတာပါ။ အဲဒီမှာ ကျနော်တို့ မဟာမိတ်အဖွဲ့ပေါင်းစုံ (ခရိုင်တပ်ရင်း) နဲ့ တိုက်ပွဲဖြစ်တာမှာ သူတို့ဘက်က တော်တော်အထိနာသွားလို့ လေကြောင်းပစ်ကူခေါ်ရတဲ့ အနေအထားပါ။ အခုနေ့တိုင်းနီးပါး ဆက်တိုက်ပါပဲ၊ စစ်ကြောင်းထိုးတယ် မီးရှို့တယ်။ သူတို့ လုပ်ရိုးလုပ်စဉ်ပါ၊ အခုက မဟာမိတ်အဖွဲ့ဘက်က သူတို့အင်အားကို ရင်ဆိုင်ပြီး ထိန်းနိုင်တဲ့အနေအထားမှာ တအားအထိနာလို့ တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေ သုံးလာတာပါ” ဟု အမည်မဖော်လိုသူ ဒေသခံက မဇ္ဈိမသို့ ပြောသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချောင်းမရွာဒေသခံ ဦးပေါ်ထွန်းဆိုသူသည် ခြေထောက်တွင် မစိုးရိမ်ရဒဏ်ရာ ရရှိသည်ဟု သိရသည်။
လွန်ခဲ့သော တစ်ပတ်ခန့်မှစ၍ စစ်ကောင်စီတပ်သားများသည် ကနီမြို့နယ်အတွင်းသို့ အင်အား ၅၀၀ ခန့်ဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ချင်းတွင်းမြစ် အနောက်ဘက်ခြမ်း ညောင်ပင်ကြီးရွာဘက်မှ အထက်ကို ဆက်တိုက်ထိုးလာရာမှာ ဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၃၀ ဦးထက်မနည်းသေဆုံးပြီး မဟာမိတ်တပ်ပေါင်းစုဘက်က ရဲဘော် သုံးဦးကျဆုံးကာ ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းတာဝန်ရှိသူမှ ပြောသည်။
“ကနီအခြေနေက တော်တော်လေး ဆိုးနေတာပါ ။ ပထမ လာတဲ့ စစ်ကြောင်းက စစ်ကြောင်းမှူးပါ သေဆုံးသွားတဲ့အတွက် တော်တော်လေး ငြိုးနေတာ ရှိပါတယ်။ ကနီခွင် တစ်ခုထဲကို စစ်အင်အား ၅၀၀ လောက်နဲ့ ကုန်းကြောင်းရော စစ်ကြောင်း နှစ်ကြောင်း နဲ့ ရေကြောင်းရောပါ စစ်ကြောင်းထိုးနေတာပါ” ဟုလည်း ကနီမြို့နယ်မှ တခြားဒေသခံတစ်ဦးမှ မဇ္ဈိမသို့ ပြောသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများနှင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစု၏ ထိခိုက်သေဆုံးစာရင်းကိုတော့ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် မေလအစောပိုင်းမှာလည်း စစ်ကောင်စီတပ်သားများသည် ကနီမြို့နယ် ဘန့်ဘွေးပျူရွာ၌ တပ်စွဲထားပြီး အနီးနားရှိ ကျေးရွာများသို့ တောက်လျှောက်စစ်ကြောင်းထိုးကာ ရွာစဉ်လိုက်မီးရှို့ဖျက်ဆီးနေကြောင်း လည်း သိရသည်။ mizzima