တောင်ငူထောင်မှ အကျဉ်းသားများထွက်ပြေးမှု ထောင်အရာရှိများ စစ်ဆေးခံနေရ

တောင်ငူအကျဥ်းထောင်မှာ မေ ၁၈ ရက် ညနေက ထွက်ပြေးသွားတဲ့ အချုပ်သား ၁၀ ဦးနဲ့ ပတ်သက်ပြီး ထောင်အရာရှိတချို့ စစ်ဆေးခံနေရတယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မနေ့ညနေ သုံးနာရီက တောင်ငူအကျဥ်းထောင်ရှိ အထူးတရားရုံးမှာ စစ်ဆေးဖို့ ရုံးထုတ်လာတဲ့ အချုပ်သား ၄၁ ဦးမှ ၁၀ ဦးက တံခါးတွေကန်ဖွင့်ကာ ရဲနဲ့ စစ်သားတွေဆီကနေ သေနတ်လုပြီး ပစ်ခတ်ထွက်ပြေးသွားတာလို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ထောင်ကအရာရှိတွေ ပေါ့ေလျာ့လို့ ခံရတာဆိုပြီး စစ်တပ်က ဒေါသထွက်နေတယ်။ ရုံးထုတ်လာတဲ့အထဲမှာ အကြမ်းဖက်ပုဒ်မနဲ့ သေဒဏ်ချထားတဲ့သူတွေပါတယ်။ မနေ့က ဖြစ်စဥ်မှာ နှစ်ဦးသေတယ်၊ သေနတ်လေးလက်ပါသွားတယ်။”
အချုပ်သား ၄၁ ယောက်မှာ အမျိုးသား ၃၄ ယောက်နဲ့ အမျိုးသမီး ၇ ယောက် ပါဝင်ပါတယ်။
ထွက်ပြေးလွတ်မြောက်သွားသူ ၁၀ ဦးမှာ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁ ဦး ပါဝင်ပြီး သူတို့ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က) / ၅၀(က) / ၅၀(ည) / ၅၁(ဂ) / ၅၂(က) နဲ့ အမှုဖွင့်ထားသူတွေဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
“တယောက်မှ မမိသေးဘူး၊ တောင်ငူမြို့ပေါ်ရော ရွာဘက်တွေပါမကျန် စစ်တပ်နဲ့ ရဲတွေက လိုက်ရှာနေတာ။ ထောင်အရာရှိတွေကို ထိန်းသိမ်းထားတယ်လို့လည်း ကြားတယ်။ ခုံရုံးဖွဲ့ပြီး စစ်နေတယ်လို့လည်း ပြောနေကြတယ်။”
ဒီနေ့မနက် စစ်ကောင်စီက ထုတ်ပြန်ချက်မှာ တောင်ငူအကျဥ်းထောင်ဖြစ်စဥ်အတွင်း အချုပ်သား ၁၀ ဦး ထွက်ပြေးကာ သေနတ်နှစ်လက်ပါ သွားပြီး ပြန်လည်ဖမ်းဆီးရမိအောင် ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။
ပဲခူးတိုင်းစစ်ဒေသခွဲ တာဝန်ရှိသူတယောက်က အကျဉ်းထောင်လုံခြုံရေးတွေဆီကနေ သေနတ်လု ထွက်ပြေးလာတဲ့ အကျဉ်းသား ၉ ယောက် လုံး လွတ်မြောက်နယ်မြေကို လုံခြုံစွာ ရောက်ရှိနေပြီဖြစ်ပြီး တယောက်ကတော့ ပစ်ခတ်မှုဖြစ်စဉ်မှာ သေဆုံးသွားတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လတွေကလည်း ကျောင်းကုန်းမြို့မရဲစခန်းက အချုပ်သား ၈ ဦး အချုပ်ခန်းကို ဖောက်ပြီး ထွက်ပြေးခဲ့သလို မေ ၁ ရက်ကလည်း ရမည်းသင်းအကျဥ်းထောင်ကနေ ရုံးထုတ်လာတဲ့ အချုပ်သား ၁၁ ဦးက ရဲကို သေနတ်နဲ့ပစ်ခတ်ကာ ထွက်ပြေးခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။ DVB