ပုလောတွင် စစ်တပ်အင်အားတိုးချဲ့၊ ဆန်ဈေး နှစ်ဆတက်လာသဖြင့် ဒေသခံများ အခက်ကြုံ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ စစ်ကောင်စီဘက်က အင်အားတွေ ဖြည့်လာတဲ့ အပြင် ဒရုန်းနဲ့ ကင်းထောက်တာတွေကို ဒီတလအတွင်း ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

“ပုလောကို စစ်ကောင်စီဘက်က တပ်ရင်းအလိုက် အင်အားလာဖြည့်တာတွေရှိတယ်။ အရှေ့နှစ်ရက်လောက်တုန်းက မြတ်ရတနာ ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေမှာ စစ်ကောင်စီတပ်သားတွေ ပုလောဘက်ကို လိုက်ပါလာတာတွေရှိတယ်။ မနေ့ကလည်း အင်အားလာဖြည့်တာမျိုးတွေ ရှိတယ်လို့ ကြားရတယ်။ ဘယ်တပ်ရင်းက လာတာလဲဆိုတာ အတိအကျတော့ မသိရဘူး။ ခလရ ၁၇ တပ်ရင်းရောက်မှ သိရတယ်။ အထက်ဘက်ကို စစ်ကူသွားတာမျိုး မဟုတ်ဘဲနဲ့ ပုလောဘက်မှာ အင်အားလာဖြည့်တာလို့ ယူဆရတယ်။ ဒီတပတ်အတွင်းမှာပဲ မှော်မိရွာနဲ့ ဂျင့်ကာရွာကို ကင်းထောက်ဒရုန်း ၂ စင်းနဲ့အတူတူ လက်နက်ကြီးတွေပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာရှိတယ်” လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပလမြို့ခံတဦးက “ပလမြို့ပေါ်မှာလည်း ည ၇ နာရီလောက်နေ ၁၀ နာရီလောက်အထိ စစ်ကောင်စီဘက်က ဒရုန်းနဲ့ ကင်းထောက်တာတွေရှိတယ်။ မနေ့ကလည်း ပလရဲစခန်းကနေ လက်ကြီးတွေ ပစ်သေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ပုလောမြို့နယ်မှာ အင်အားတွေ တိုးချဲ့လာပြီး စစ်ကြောင်းထိုးနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ စစ်ရေးသတိရှိဖို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ပုလောမြို့နယ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ဒါ့အပြင် ပုလောမြို့နယ် ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ ရိက္ခာဖြတ်တောက်မှုတွေကြောင့် တခြားမြို့နယ်တွေထက် ဆန်ဈေးတွေ ၂ ဆ မြင့်တက်လာပြီး ဒေသခံတွေ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

စူပါတံဆိပ် ၂၄ ပြည် ဆန်တအိတ်ကို မြိတ်မြို့မှာ ၆၆,၀၀၀ ပေးရပြီး ပုလောမြို့နယ်ထဲမှာ ၁၂၀,၀၀၀ ပေးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပုလောမြို့နယ်မှာ ဆန်အပါအဝင် စားနပ်ရိက္ခာတွေ အားလုံးကို စစ်ကောင်စီကနေ ဖြတ်တောက်ထားတယ်။ ကုန်ဈေးနှုန်းတွေက ပုလောမြို့နယ်ထဲမှာ အဆင့်ဆင့် သယ်ယူရတာကြောင့် ဈေးနှုန်းတွေက မြင့်တက်လာတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

“ဆန်ဝယ်ရင် အုပ်ချုပ်ရေးမှူးဆီကို ၅,၀၀၀ ကျပ်ပေးပြီး ထောက်ခံစာ အရင်လုပ်ရတယ်။ ဆန်ဝယ်ရင်လည်း အုပ်ချုပ်ရေးမှူးက ခွင့်ပြုထားတဲ့ ဆိုင်မှာသာ ဝယ်လို့ရတယ်။ မိုးရာသီလည်း ရောက်လာတော့မှာမို့လို့ ဆန်လိုသလောက် မရမှာလည်း စိတ်ပူမိတယ်” လို့ ပလမြို့ခံတဦးက ပြောပါတယ်။

ပုလောမြို့နယ်ထဲမှာ ကုန်ဈေးနှုန်းကြီးလာသလို စစ်ကောင်စီကို ဂိတ်ကြေးပေးရတာမျိုးတွေ ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက သူတို့သဘောရှိသလို တောင်းလို့ရတယ်။ သူတို့သဘောရှိသလို ယူထားခဲ့လို့ရတယ်။ ပြည်သူတွေမှာကျတော့ သူတို့လုပ်သလို ခံနေရတယ်။ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက စီးပွားရေးဂိတ်တွေမျိုးတောင် ဖြစ်နေပြီ။”

ပုလောမြို့နယ်မှာ စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဩဂုတ်လကတည်းက ဆန်သယ်ယူခွင့် ကန့်သတ်ထားပြီး စစ်ကောင်စီရဲ့ အမှတ် ၅ စစ်ဆေးရေးဂိတ်၊ နန်းတောင်ဂိတ်နဲ့ မကျည်းကုန်းဂိတ်တွေဟာ ရိက္ခာသယ်ယူခွင့် စစ်ဆေးတာ အတင်းကျပ်ဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s