မတ္တရာတွင် ပြည်ခိုင်ဖြိုးပါတီကော်မတီ၀င် ၁ဦး အသတ်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီကော်မတီ၀င်တစ်ဦးသည် ယမန်နေ့ မေလ ၁၈ရက်က နေအိမ်အတွင်းသေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
မတ္တရာမြို့နယ်၊၀န်စုကျေးရွာအုပ်စု၊ ရေချောင်းဘို့ကျေးရွာမှ မြို့နယ်အဆင့်ပြည်ခိုင်ဖြိုးပါတီအရန်ကော်မတီ၀င် ဦးကျော်မင်း(အသက် ၆၉ နှစ်) သည်မေလ ၁၈ ရက်၊ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ၎င်း၏ နေအိမ်၌ ရှိနေစဉ်ဆိုင်ကယ်နှစ်စီးဖြင့် လူလေးဦးရောက်ရှိလာပြီး သေနတ်ဖြင့်ပစ် ခတ်သွားခြင်းဟုသိရသည်။
” မနက်ပိုင်း သူအိမ်ထဲမှာရှိနေတုန်း ၀င်ပစ်သွားတာပါ။ သူ့မိသားစုတော့ အထိအခိုက်မရှိဘူးလို့သိရတယ်၊ သူကတော့ on the spot (ပွဲချင်း ပြီး)ပါပဲ။ ဆေးရုံတောင်မရောက်လိုက်ဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
ဦးကျော်မင်းတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိပြီးအခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၀င် သတင်းရင်းမြစ်ကအတည်ပြုသည်။ဦးကျော်မင်းအား သေနတ်ဖြင့်ပစ်ခတ်သွားသူများမှာ မည်သည့်အဖွဲ့အစည်းမှ ဖြစ်ကြောင်းမသိရသေးပေ။
၎င်းသည် ဒေသအတွင်း၌ စစ်ကောင်စီလမ်းကြောင်းနှင့်အတူသတင်းပေးလမ်းပြအဖြစ်လိုက်ပါနေခြင်းကြောင့် မကြာခဏသတိပေးခံထားရသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီနှင့် ပူးပေါင်းနေသူများ၊ သတင်းပေးအဖြစ်ရပ်တည်နေသူများအနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်းရန် တော်လှန်ရေးအင်အားစုများ၊ မြေအောက်ပြောက်ကျားအဖွဲ့များက သတိပေးထားသည်။ mizzima