မုန်တိုင်းဘေးသင့် ရခိုင်နှင့် ချင်းပြည်နယ်ကို ဒုဗိုလ်ချုပ်ကြီး ၃ ဦးအပါအဝင် အဆင့်မြင့်အရာရှိများ စေလွှတ်

မိုခါ ဆိုင်ကလုန်မုန်တိုင်းဒဏ်ကိုခံခဲ့ရတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်က မြို့တွေဆီကို ပြန်လည်ထူထောင်ရေးလုပ်ဖို့ စစ်ကောင်စီက ဒုတိယ ဗိုလ်ချုပ်ကြီး ၃ ယောက်အပါအဝင် ဗိုလ်ချုပ်နဲ့ ဗိုလ်မှူးချုပ်တွေကို စေလွှတ်လိုက်ပါတယ်။
မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်တပြည်နယ်လုံးက ၁၇ မြို့နယ်နဲ့ ချင်းပြည်နယ်က ၄ မြို့နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေအဖြစ် စစ်ခေါင်းဆောင် ကြေညာထားခဲ့တာပါ။
အဲဒီဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့ဆိုပြီး ဒုဗိုလ်ချုပ်ကြီးမင်းနိုင်ကို ဟားခါးမြို့နယ်၊ ဗိုလ်မှူးချုပ်ခင်မောင်အေးကို မတူပီမြို့နယ်၊ ဗိုလ်မှူးချုပ် နေဝင်းအောင်ကို ပလက်ဝမြို့နယ်နဲ့ ဗိုလ်မှူးချုပ်ဝင်းကိုကို ကို တီးတိန်မြို့နယ်တွေဆဆီ စေလွှတ်တယ်လို့ စစ်ကောင်စီအတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက မေ ၁၈ ရက် မနေ့က အမိန့်စာ ထုတ်ပါတယ်။
ရခိုင်ပြည်နယ်ကိုတော့ ကျောက်ဖြူမြို့နယ်ကို ဒုဗိုလ်ချုပ်ကြီး လူအေး၊ ဘူးသီးတောင်မြို့နယ်ကို ဒုဗိုလ်ချုပ်ကြီး အေးဝင်း၊ မြောက်ဦးမြို့နယ်ကို ဗိုလ်ချုပ် သောင်းထိုက်ရွှေ၊ သံတွဲမြို့နယ်ကို ဗိုလ်ချုပ် စိုးနိုင်ဦး၊ ရသေ့တောင်မြို့နယ်ကို ဗိုလ်ချုပ်အောင်မျိုးထွန်း၊ စစ်တွေမြို့နယ်ကို ဗိုလ်မှူးချုပ် အောင်ကျော်စိုး၊ ကျောက်တော်မြို့နယ်ကို ဗိုလ်မှူးချုပ် အောင်သူဦး၊ ပေါက်တောမြို့နယ်ကို ဗိုလ်မှူးချုပ် ဆန်နီအုန်း၊ မာန်အောင်မြို့နယ်ကို ဗိုလ်မှူးချုပ် ကျော်ကျော်ဦး၊ ရမ်းဗြဲမြို့နယ်ကို ဗိုလ်မှူးချုပ် ဇော်မင်းအေး၊ ပုဏ္ဏားကျွန်းမြို့နယ်ကို ဗိုလ်မှူးချုပ် ဝင်းမောင်၊ မင်းပြားမြို့နယ်ကို ဗိုလ်မှူးချုပ် ခင်ဇော်၊ မြေပုံမြို့နယ်ကို ဗိုလ်မှူးချုပ် ကျော်ကျော်စိုးနဲ့ မောင်တောမြို့နယ်ကို ဗိုလ်မှူးချုပ် တင်ဆွေတို့ကို စေလွှတ်ထားပါတယ်။
မုန်တိုင်းဒဏ်ကို ထူးထူးခြားခြားမခံလိုက်ရတဲ့ ရခိုင်ပြည်နယ်က တောင်ကုတ်နဲ့ ဂွမြို့နယ်တို့ကို စေလွှတ်တာ မတွေ့ရသလို စစ်တိုင်းမှူးရုံးထိုင်တဲ့ အမ်းမြို့နယ်ကိုလည်း စေလွှတ်တာမတွေ့ရပါဘူး။
ဒါ့အပြင် အခုစေလွှတ်လိုက်တဲ့ စစ်တပ်အရာရှိကြီးတွေရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အနီးကပ်ကြီးကြပ်ဖို့အတွက်ဆိုပြီး စစ်ကောင်စီအဖွဲ့ဝင်၊ ဒုဝန်ကြီးချုပ်နဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ကို တာဝန်ပေးလိုက်တယ်လို့လည်း ဆိုပါတယ်။
မေလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းအထိ စာရင်းအရ မိုခါမုန်းတိုင်းကြောင့် ဒေသခံပြည်သူ ၅၄ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပေမဲ့ သေဆုံးသူရာနဲ့ချီရှိနိုင်တယ်လို့ လွတ်လပ်တဲ့ သတင်းဌာနတွေက ဖော်ပြကြပါတယ်။
ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာ လူနေအိမ် ၁၈၃၀၂၄ လုံး၊ သာသနိက အဆောက်အဦ ၁၇၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁၃၉၇ ကျောင်း၊ ဆေးရုံ/ ဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၃၄၀ လုံး ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။ DVB