မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

ရန်ကုန်မြို့ပတ်ရထားပေါ်တွင် ရဲများ ပစ်ခတ်ခံရမှုအတွက် စွပ်စွဲခံရသူများကို သေဒဏ်နှင့် တစ်သက်တစ်ကျွန်းထောင်ဒဏ်များ ယနေ့ (မေ ၁၈) တွင် ချမှတ်လိုက်ကြောင်း သိရသည်။

အင်းစိန်​ထောင်အတွင်း အလုံခရိုင်တရားရုံးတွင် ခရိုင်တရားသူကြီး ​ဒေါ်ခင်နီနီ​အေးက စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အမှုတွင် စွပ်စွဲခံရသူများ ဖြစ်ကြသည့် ကို​ကောင်းပြည့်စုံဦး၊ ကို​ဇေယျာဖြိုး၊ ကို​​ကျော်စိုးလင်း၊ ကိုဆန်းလင်း​မောင်နှင့် မမြတ်ဖြိုးပွင့်တို့ကို အကြမ်းဖက်မှု တိုက်ဖျက်​ရေး ဥပ​ဒေပုဒ်မ ၅၀(က) အရ ​သေဒဏ်၊ ၁၉၄၉ ခုနှစ် လက်နက်နှင့် အ​ရေး​ပေါ်စီမံမှုဥပ​ဒေ ပုဒ်မ ၂/၂(က) အရ ​​ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်ဟု သိရသည်။

စွပ်စွဲခံရသူများထဲမှ ကို​ကောင်းပြည့်စုံဦးသည် သေဒဏ် ၂ ကြိမ် ချမှတ်ခံရသည်။ သူ သေဒဏ်ချခံရသည့် အခြားအမှုတစ်ခုမှာ ၁၉၄၉ ခုနှစ် လက်နက်နှင့် အ​ရေး​ပေါ်စီမံမှုဥပ​ဒေ ပုဒ်မ ၂/၂(က) နှင့် စွဲဆိုခံရသည့်အမှု ဖြစ်သည်ဟု ဆိုသည်။

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက ပထမဆုံးအကြိမ် ​သေဒဏ်ချမှတ်ခြင်းဖြစ်​ကြောင်း တရားရုံးသတင်းရင်းမြစ်တစ်ခုက Myanmar now ကို အတည်ပြုသည်။

အထက်ပါ ပုဒ်မများနှင့် အမှုရင်ဆိုင်နေရသူ အများအပြားရှိနေချိန်တွင် အရပ်ဘက်တရားရုံးက စစ်ကောင်စီသဘောကျ စီရင်ချက်များ ချနေသည့်အတွက် စိုးရိမ်မိသည်ဟု အထက်ပါ တရားရုံးသတင်းရင်းမြစ်က ​ပြောသည်။

“အရင်တုန်းက စစ်ခုံရုံးကပဲ ချတာ​ပေါ့၊ အခုလက်ရှိက ပထမဆုံးအ​နေနဲ့ အရပ်ဘက်တရားရုံးက တရားသူကြီးက အမိန့်ချလိုက်တဲ့အ​ပေါ်မှာ ​နောက်ပိုင်းလူ​တွေအတွက် စိတ်မ​အေးနိုင်ဘူး” ဟု ထိုသတင်းရင်းမြစ်က ပြောသည်။

နံနက် ၁၀ နာရီတွင် စီရင်ချက်ချမည့် ရုံးချိန်းရှိသည်ဟု တရားသူကြီးက ချိန်းဆိုခဲ့သော်လည်း ရုံးချိန်မတိုင်မီမှာပင် တရားသူကြီး ရောက်လာပြီး အမိန့်ချခဲ့သည်ဟု တရားရုံးသတင်းရင်းမြစ်က ဆိုသည်။

အမိန့်ချသည့် နံနက်ပိုင်းအချိန်တွင် ထောင်တွင်းလုံခြုံရေး ပိုမိုတင်းကျပ်ထားကြောင်းလည်း သိရသည်။

စွပ်စွဲခံရသူများ တစ်ပတ်အတွင်း အယူခံဝင်နိုင်မည် ဖြစ်သည်။

၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့ပတ်ရထား အလုံဘူတာအရောက် ရထားပေါ် လိုက်ပါလာသည့်ရဲများ ပစ်ခတ်ခံခဲ့ရသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်ခံရသည့်အတွက် ရဲဒုတပ်ကြပ် ဝင်းဇော်လတ်၊ တပ်သား ရဲမင်းထွန်း၊ တပ်သား ဖြိုးမောင်မောင်နှင့် တပ်သား ထိန်လင်းအောင်တို့မှာ နေရာမှာပင် သေဆုံးခဲ့သည်၊ တပ်ကြပ် မြင့်ဌေးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကလည်း ယနေ့တွင် အကျဉ်းသား ၅ ဦး သေဒဏ်ချမှတ်ခံခဲ့ရသည်ဟု သတင်းထုတ် ပြန်သည်။

စစ်ကောင်စီတရားရုံးများက သေဒဏ်ချမှတ်ခဲ့သူ စုစုပေါင်း (၁၅၉) ဦး ရှိပြီဖြစ်သည်ဟု အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဒဏ်ချမှတ်ခဲ့သူ အများအပြားရှိသည့်အထဲမှ စစ်ကောင်စီက ဦးဖြိုးဇေယျာသော်နှင့် ဦးဂျင်မီ အပါအဝင် ၄ ဦးကို ၂၀၂၂ ဇူလိုင်လက အင်းစိန်ထောင်တွင် ကြိုးပေး ကွပ်မျက်ခဲ့သည်။

ယခုလဆန်းပိုင်း လွတ်ငြိမ်းသက်သာခွင့်များ ထုတ်ပြန်ရာတွင် စစ်ကောင်စီက အကျဉ်းသား ၃၈ ဦးကို သေဒဏ်မှ လွတ်ငြိမ်းခွင့်ပေးပြီး ထောင် တစ်သက်ကို ပြောင်းလဲကျခံစေသည်ဟု ကြေညာထားသည်။

စစ်ကောင်စီက ၎င်းတို့ ဖမ်းဆီးမိသူအများအပြားကို သေဒဏ်ချမှတ်သော်လည်း တော်လှန်ရေးအဖွဲ့များကမူ ဖမ်းဆီးရမိသည့် သုံ့ပန်းများကို သေဒဏ်ချမှတ်ခြင်း မရှိပေ။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s