ရွှေဘိုတွင် စစ်ကောင်စီတပ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုများရှိဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် စစ်ကောင်စီတပ်ကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း Flying Dragon Force တပ်ဖွဲ့ထံမှ သိရသည်။

ရွှေဘိုမြို့၊ နန်းတော်ရာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ မေလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ ရွှေဘိုမြို့ နန်းတော်ထဲမှာ တပ်စွဲထားတဲ့ စကစ(စစ်ကောင်စီတပ်) အဖွဲ့ မူးယစ်သောက်စားနေတဲ့အချိန် တိုက်ခိုက်တာဖြစ်ပါတယ်။ အဲ့ဒီ့နေရာမှာ စစ်တပ်က တပ်စွဲထားတာ ကြာပါပြီ။ “ ဟု FDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။

ရွှေဘိုမြို့ နန်းတော်ရာအတွင်းတွင် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် တပ်စွဲထားသည်မှာ လချီအချိန်ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။

ထိုသို့ တပ်စွဲထားသည့် နေရာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်က ပြည်သူများအား ဖမ်းဆီးမှုများ ပြုလုပ်ကာ ငွေဖြင့် ပြန်လည်ရွေးယူခိုင်းခြင်းအပြင် အခြားဖိနှိပ်မှုများကို လုပ်ဆောင်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့၏ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ခုနစ်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း FDF တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“ သေဆုံးမှုကို မျက်မြင်လဲတွေ့ခဲ့သလို အထောက်ကနေလဲအတည်ပြုနိုင်ခဲ့ပါတယ်။ တိုက်ခိုက်မှုအပြီး မနေ့က ညပိုင်းမှာ မြို့ထဲကနေ သေနတ်သံနဲ့ ပေါက်ကွဲသံထွက်ပေါ်မှုတွေ ရှိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း ကာကွယ်ရေးတပ်ဘက်က ပြောကြားထားသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

အဆိုပါ တိုက်ခိုက်မှုကို Flying Dragon Force ၊ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့်အတူ Snake Eyes PDF ၊မဟူရာရွှေဘိုသား ၊ဒေါင်းမာန် ၊ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ နောင်ရိုး Army၊ တန (၂) မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ် သည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာအချို့တွင်လည်း ယမန်နေ့ မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက စတင်ကာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေပြီး ဖမ်းဆီးခံရသူများရှိနေသလို ဒေသခံပြည်သူအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s