“သတိ” မိုးကျရွှေကိုယ်ခေတ်ပြန်ရောက်ပြီ

စစ်ကောင်စီသည် စစ်ဘက်အရာရှိ ရာဂဏန်းကို အရပ်ဘက် ဝန်ကြီးဌာနများတွင် အရာရှိများအဖြစ် တိုက်ရိုက်ရာထူးပေး ပြောင်းရွှေ့ခန့်ထားခြင်းဖြင့် အနာဂတ်တွင် စစ်အုပ်ချုပ်ရေးစနစ် အမြစ်တွယ်စေရန် ကြိုးစားနေသည်။ 

စစ်ကောင်စီသက်တမ်း နှစ်နှစ်တာအတွင်း စစ်တပ်အရာရှိ ၁၆၀ ခန့်သည် အရပ်ဘက်ဝန်ကြီးဌာနများဆီ ထိပ်ပိုင်းအရာထမ်းအဆင့်ဖြင့် ရောက်ရှိလာကြပြီး အရပ်ဝတ်ဖြင့် ရုံးတက်နေကြပြီဖြစ်သည်။

ရွှေ့ပြောင်းစစ်ဗိုလ် အများစုသည် ရွေးကောက်ပွဲကော်မရှင်၊ ပြည်ထဲရေး၊ ဗဟိုဘဏ်နှင့် အစိုးရဘဏ်များကဲ့သို့သော အရေးပါသည့် ဝန်ကြီးဌာနများဆီသို့ ရောက်ရှိသွားပြီဖြစ်သည်။ ထို့ပြင် တက္ကသိုလ်နှင့် ကောလိပ်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဆက်သွယ်ရေးရုံး၊ ဆောက်လုပ်ရေးနှင့် စီးပွားကူးသန်းဌာနများတွင်လည်း ၎င်းတို့ နေရာရလာသည်။

စစ်တပ်မှ အရပ်ဘက်သို့ ပြောင်းလာသည့် အရာရှိ ၁၆၀ ဆိုသည့် အရေအတွက်သည် အရာထမ်းအဆင့်ဖြင့် အရပ်ဘက်ဌာနများဆီ ပြောင်းလာသည့် စစ်ဘက်အရာရှိစာရင်းသာဖြစ်ပြီး ရာထူးနိမ့်သည့် အောက်ခြေအမှုထမ်းအများအပြားလည်း အရပ်ဘက်သို့ ပြောင်းရွှေ့နေကြသည်။ သို့သော် အရေအတွက်အတိအကျ မသိရပါ။

အရပ်ဘက် ပြောင်းခဲ့သည့် စစ်အရာရှိ ၁၆၀ ထဲတွင် အကြီးတန်းအရာရှိ ၃၅ ဦးခန့် ပါဝင်ပြီး အများစုမှာ ကြယ်သုံးပွင့်အဆင့်ရှိ အရာရှိငယ် ဗိုလ်ကြီးများဖြစ်ကြသည်။ မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံအရ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးအဆင့်တို့ကို စစ်ဘက်ဆိုင်ရာ အကြီးတန်းအရာရှိစာရင်းတွင် ထည့်သွင်းထားပြီး ဗိုလ်ကြီးအဆင့်ကို အရာရှိငယ်အဖြစ် သတ်မှတ်ထားသည်။

စစ်ဘက်ဆိုင်ရာ အကြီးတန်းအရာရှိစာရင်းတွင် အဆင့်အမြင့်ဆုံးဖြစ်သည့် ဗိုလ်မှူးကြီးများသည် တက္ကသိုလ်နှင့် ကောလိပ်အချို့တွင် ကျောင်းအုပ်ကြီးရာထူးများ ရယူခဲ့ကြသည်။ ဗိုလ်ကြီးအဆင့် အရာရှိငယ်များက စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနများတွင် ဦးစီးအရာရှိနှင့် အဆင့်တူ ရာထူးများ ရရှိကြသည်။

ဘဏ်နှင့် စာရင်းအင်းပညာရှင်များ ဝင်ရောက်လုပ်ကိုင်ရသည့် ဗဟိုဘဏ်နှင့် အစိုးရဘဏ်များကဲ့သို့သော နေရာများတွင် စစ်ဘက်အရာရှိ အများအပြားကို စစ်ကောင်စီက ရာထူးရာခံများ ပေးကာ ပို့ဆောင်ထားသည်။ စစ်ဗိုလ် ၂၈ ဦး ဗဟိုဘဏ်နှင့် အစိုးရဘဏ်များဆီ ရောက်လာရာ ထိုအထဲတွင် ဒုဗိုလ်မှူးကြီးအဆင့် ၆ ယောက်ကို ဗဟိုဘဏ်တွင် ညွှန်ကြားရေးမှူး ရာထူးပေးခြင်းလည်း ပါဝင်သည်။

အကျဉ်းဦးစီး၊ ရဲတပ်ဖွဲ့နှင့် စစ်ကောင်စီလက်ထက်တွင် ပြည်ထဲရေးအောက် ပြန်ရောက်သွားသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများဆီ စစ်ဘက်အရာရှိ ၂၈ ဦး ပို့ဆောင်ထားသည်။

အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဲ့သို့သော အရေးပါသည့် နေရာတွင် စစ်ဗိုလ် ၂၅ ဦးထက်မနည်းကို အရပ်ဝတ်လဲကာ နေရာပေးထားသည်။ ထိုကော်မရှင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD အနိုင်ရပြီးနောက် စစ်ကောင်စီ၏ အငြိုးအတေးထားခံရသည့် အဖွဲ့အစည်းလည်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲကို ဦးစီးကျင်းပသည့် ထိုကော်မရှင်၏ ဥက္ကဋ္ဌအပါအဝင် နိုင်ငံအနှံ့မှ ကော်မရှင်အဖွဲ့ဝင်များကို ဖမ်းဆီးထားခဲ့သည်။ အချိန်အတိအကျ မပြောဘဲ ရွေးကောက်ပွဲ ပြန်လုပ်ပေးမည်ဟု ကြေညာထားသည့် စစ်ကောင်စီသည် ၎င်းတို့စိတ်ကြိုက် ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်အသစ်တွင် စစ်ဗိုလ်များကို ထပ်မံထည့်သွင်းနေခြင်းဖြစ်သည်။

အခြားသော စစ်ဘက်အရာရှိများသည် ပို့ဆောင်ဆက်သွယ်ရေး၊ ဟိုတယ်ခရီး၊ စီးပွားကူးသန်း၊ ရန်ကုန်စည်ပင်၊ နယ်စပ်ရေးရာ၊ စက်မှု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး စသည့် ဝန်ကြီးဌာနများဆီသို့ ပြောင်းရွှေ့သွားကြသည်။

လွန်ခဲ့သော နှစ်နှစ်ကျော် ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းလိုက်စဉ်က ဌာနဆိုင်ရာ ဝန်ထမ်းအများအပြား လုပ်ငန်းခွင်ကို စွန့်ခွာကာ CDM (Civil Disobedience Movement) လုပ်သွားသဖြင့် စစ်ကောင်စီ အခက်တွေ့ခဲ့ရဖူးသည်။ ကျန်းမာရေးကဏ္ဍမှ CDM လုပ်သွားသူတို့အပေါ် အခဲမကျေမှုကို စစ်ကောင်စီဥက္ကဋ္ဌ၊ အာဏာသိမ်း စစ်ခေါင်းဆောင်က မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိသည်။

လာမည်၊ မကြာပါ

ထိုအခြေအနေတွင် စစ်ကောင်စီသည် နောက်ထပ်စစ်တပ်အရာရှိများကိုလည်း အရပ်ဘက်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေပြီး တပ်ထဲမှ ဆေးအဆင့်နိမ့် အရာရှိများကို စုဆောင်းနေသည်။ ထိခိုက်ဒဏ်ရာရ တပ်အရာရှိများကို အရပ်ဘက်ဝန်ကြီးဌာနများတွင် ခန့်မည့် ဘုတ်အဖွဲ့အစည်းအဝေးကို နေပြည်တော် စစ်ကောင်စီ လူကယ်ပြန်ဝန်ကြီးဌာနတွင် ၂၀၂၁ စက်တင်ဘာက ပြုလုပ်ခဲ့ကြောင်း လူထုနွေဦးသတင်းဌာနက ရေးသည်။

ထိခိုက်ဒဏ်ရာရခြင်း (သို့မဟုတ်) ဆေးအဆင့်နိမ့်အဖြစ် သတ်မှတ်ခံရသည့် စစ်ဘက်အရာရှိသည် အရပ်ဘက်သို့ ပြောင်းရွှေ့လိုပါက ပြောင်းလိုသည့် ဝန်ကြီးဌာန ၃ ခုကို အဆိုပြုကာ နေပြည်တော်စစ်ရုံးထံ လျှောက်လွှာတင်ရပြီး၊ စစ်ရုံးက မည်သည့်စစ်ဗိုလ်ကို မည်သည့်ဌာနသို့ ပို့မည်ဆိုသည်ကို ဆုံးဖြတ်သည်ဟု လုပ်သက်ရင့် အရပ်ဘက် ဝန်ထမ်းဟောင်းတစ်ဦးက ရှင်းပြသည်။ 

စစ်ကောင်စီသက်တမ်း၏ ၂ နှစ်တာအတွင်း အရပ်ဘက်ပို့ခဲ့သည့် စစ်တပ်အရာရှိ ၁၆၀ ခန့်အနက် ၅ ဦးခန့်သာ ဆေးအဆင့်နိမ့် အရာရှိများဖြစ်ကြသည်။

၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းချိန်မှ စတင်အားကောင်းခဲ့သည့် စစ်ဘက်ဆိုင်ရာအရာရှိများကို အရပ်ဘက်ပို့ခဲ့သည့် အစဉ်အလာသည် နိုင်ငံ့သမိုင်းတစ်လျှောက် အာဏာရ အစိုးရအဆက်ဆက် ကျင့်သုံးလာသည့် မူဝါဒဖြစ်သည်။ အရပ်သားအစိုးရဟု ရည်ညွှန်းခံရသည့် သမ္မတဦးသိန်းစိန် နှင့် NLD အစိုးရလက်ထက် ၁၀ နှစ်တာ ကာလအတွင်းတွင်ပင် ယင်းစနစ်ကို ကျင့်သုံးခဲ့သည်။ သို့သော် တိုင်းပြည်ကို စစ်ယူနီဖောင်းဝတ်ကာ အုပ်ချုပ်ခဲ့သည့် မ.ဆ.လ၊ န.ဝ.တ နှင့် န.အ.ဖ အုပ်ချုပ်စဉ် ကာလများလောက်တော့ အရေအတွက် မများခဲ့။

NLD ၏ ငါးနှစ်တာ အုပ်ချုပ်မှုကာလအတွင်း တပ်မှ အရပ်ဘက် ပြောင်းခဲ့သည့် စစ်ဘက်ဆိုင်ရာအရာရှိ ၂၀၀ ကျော် ရှိသည်။ ယင်းတို့အနက် ၅၀ ခန့်သည် ထိခိုက်ဒဏ်ရာရခြင်း (သို့မဟုတ်) ဆေးအဆင့်နိမ့်အဖြစ် သတ်မှတ်ခံရသူများဖြစ်ပြီး ကျန်အပြောင်းအရွှေ့များမှာ အစိုးရဘက်က တောင်းဆိုခြင်းကြောင့်ဖြစ်သည်။

အရပ်ဘက်ပြောင်း တပ်အရာရှိများကို “မိုးကျရွှေကိုယ်များ” ဟု ဝန်ထမ်းအသိုင်းအဝိုင်းတွင် သမုတ်ကြသည်။ အရပ်သားအစိုးရလက်ထက် ၁၀ နှစ်တာ ကာလတွင် အကန့်အသတ်ဖြင့် ရခဲ့သည့် လွတ်လပ်စွာ ပြောဆိုခွင့်များကြောင့် ယင်းစနစ်ကို ဆန့်ကျင်ကြောင်း အရပ်သားဝန်ထမ်းများက ပြောင်ပြောင်တင်းတင်း ပြောဆိုခဲ့ကြသည်။

အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ပညာရှင်ကဏ္ဍများတွင် စစ်ဘက်ပုဂ္ဂိုလ်များ ဝင်ရောက်လာသည်ကို မကြိုက်ကြောင်း ပြသသည့်အနေဖြင့် ဖဲကြိုးနက်၊ ဖဲကြိုးဝါများကို အလုပ်ခွင်ထဲတွင် ဝတ်ဆင်ခြင်းဖြင့် အရပ်ဘက်ဝန်ထမ်းများက ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ဆန္ဒပြခဲ့ကြသည်

စစ်ကောင်စီ လက်ထက်တွင်တော့ ယင်းစနစ်ကို မကြိုက်ကြောင်း ဆန္ဒပြရန် မဖြစ်နိုင်တော့သလို ယင်းစနစ် ပိုမိုကြီးထွားလာဖွယ်ရှိပြီး မိုးကျရွှေကိုယ်ခေတ် ပြန်လည်အသက်ဝင်လာတော့မည်ဖြစ်မည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s