သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာတွင် အရပ် သား ၂ဦး ပစ်ခတ်ခံရ၊ ၁ဦးသေဆုံး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာတွင် အမည်မသိ လက်နက်ကိုင်လူတစ်စုက အရပ်သားနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တစ်ဦး နေရာတွင် သေဆုံးခဲ့ပြီး ကျန်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ မေလ ၁၈ ရက် နံနက် ၈နာရီအချိန်ခန့်တွင် အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စုသည် အနင်းကျေးရွာလမ်းမအတိုင်း ဝင်လာပြီးနောက် ဆိုင်ကယ်စီးနင်းလာသည့် အနင်းရွာသားနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၂၈ နှစ်အရွယ် ကိုမိုးဇော်ဦးသည် ဦးခေါင်းတွင် ကျည်ထိမှန်ကာ နေရာတွင် သေဆုံးခဲ့ပြီး ကိုထိုက်စိုး (ခ) နိုင်အဒစ်သည် ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“သူတို့(လက်နက်ကိုင်လူတစ်စု) မနေ့ မနက် ၈ နာရီလောက် ရွာထဲဝင်လာတယ်။ ၁၂ ယောက် ၁၃ ယောက်လောက်ရှိမယ်။ အားလုံးလက်နက်တွေပါတယ် အရပ်ဝတ်တွေနဲ့ပဲ။ ကျောပိုးအိတ်တွေလည်း ပါတယ်။ ရွာလယ်လမ်းအတိုင်း လမ်းလျှောက်ဝင်လာပြီး ၁၀ မိနစ်လောက်ကြာတော့ လက်နက်ငယ်သံ နှစ်ချက်ကြားတယ်။ ဆိုင်ကယ်စီးလာတဲ့ နှစ်ယောက် ပစ်ခံထိပြီး တစ်ယောက်သေတယ်။ အနောက်က တစ်ယောက်ဆိုင်ကယ်ကနေ ကျတော့ ကျန်တဲ့တစ်ယောက်က ထွက်ပြေးတာ ပေါင်မှာထိသွားတယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ပစ်ခတ်မှုအပြီးတွင် အနင်းရွာ နယ်မြေရဲစခန်းမှ လက်နက်ကြီးနှစ်ချက် ပစ်ခတ်ခဲ့ပြီးနောက် လက်နက်ကိုင်လူတစ်စုသည် အနင်းရွာထဲမှ ထွက်ခွာသွားခဲ့သည်ဟု ဆိုသည်။

“သူတို့ဝင်လာတဲ့အချိန်ကနေ ထွက်သွားတဲ့အချိန်ထိဆို တစ်နာရီလောက်ကြာတယ်။ အဲ့ဒါပြီးပြီးချင်း အလောင်းကို ဘယ်သူမှ မကောက်ရဲကြဘူး” ဟု ဒေသခံက ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကိုမူ မသိရသေးပေ။

“အရပ်၀တ်ဆိုရင်တော့ သေချာ စဉ်းစားဖို့တော့ လိုပြီး။ စစ်ကောင်စီတပ်ဖွဲ့လား ကျနော်တို့ လားပေါ့။ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်။ ကျနော်တို့ဘက်ကပဲဖြစ်ဖြစ် ဟိုဘက်(စစ်ကောင်စီ)ကပဲဖြစ်ဖြစ်။ ပြည်သူလူထုကို ဆန့်ကျင်တဲ့ အကြမ်းဖက်လုပ်ရပ်ကို လုပ်နေရင်တော့ အပြစ်ပေးအရေးယူရမှာပဲ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် မေလ ၁၈ ရက်မတိုင်မီ နှစ်ရက်ခန့်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနင်းရဲစခန်းမှ ကာကွယ်ရေးတပ်််ဖွဲ့များရှိမည်ဟု ယူဆရသည့် နေရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအစပ်များသို့ ကျည်ကျရောက်ခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းကလည်း အနင်းကျေးရွာတွင်းသို့ လူခြောက်ဦးခန့် ဝင်လာသည့်အတွက် အနင်းရဲစခန်းမှတစ်ဆင့် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အနင်းကျေးရွာအစွန် ခြံတွင် အလုပ်လုပ်နေသည့် အမျိုးသမီး လေးဦး ကျည်စထိမှန်ဒဏ်ရာ ရခဲ့သေးသည်ဟု သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s