ဟင်္သာတမြို့တွင် မီးရထားအရာရှိခြံဝန်းရှေ့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်၊ အရာရှိရိပ်သာလမ်းပေါ်ရှိ မီးရထားအရာရှိ ခြံဝန်းရှေ့၌ ယနေ့ မေလ ၁၈ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရ သည်။
မေလ ၁၈ ရက် ညနေ ၄ နာရီကျော်ခန့်က မီးရထားအရာရှိရိပ်သာလမ်းပေါ်ရှိ Arian စားသောက်ဆိုင်အနီး တွင် ဗုံးတစ်လုံးတွေ့ရှိခဲ့သည့် အတွက် စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများမှ လာရောက်ဖြုတ်သိမ်းခဲ့သည်ဟု သိရ သည်။
ထိုသို့ဖြုတ်သိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများက သုံးပင်ကွင်းရပ်ကွက်အတွင်း ပိတ်ဆို့စစ် ဆေးနေစဥ် ညနေ ၅ နာရီ ၁၅ မိနစ်၌ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
“ဗုံးတစ်လုံးတွေ့တဲ့ Arian စားသောက်ဆိုင်နားမှာ စစ်တပ်နဲ့ရဲတွေ ပိတ်ဆို့ထားတဲ့အချိန် အဲဒီဆိုင်ရှေ့က မီးရထားအရာရှိခြံရှေ့မှာ ဗုံးပေါက်တာပါ။ ဗုံးပေါက်တော့ ရဲတွေနဲ့စစ်သားတွေအကုန်လုံး မြေကြီးပေါ်ကို အကုန်ဝပ်သွားကြတယ်။ ထိလို့ဝပ်တာလားတော့ မသိဘူး” ဟု ၎င်းကဆိုသည်။
ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများ ထိခိုက်မှု ရှိ၊မရှိကို အတိအကျမသိရသေးကြောင်း၊ ဗုံးပေါက်ကွဲပြီးမိနစ်အနည်းငယ်တွင် ပေါက်ကွဲမှုဖြစ်ရာနေမှ လူနာတင်ကားတစ်စီးနှင့်ရဲကားတစ်စီး ထွက် ခွာသွားကြောင်း ဒေသခံကပြောသည်။
လက်ရှိတွင် သုံးပင်ကွင်းရပ်ကွက်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများ ပိတ်ဆို့စစ်ဆေးမှုများဆက် လက်ပြုလုပ်နေသည်ဟုသိရပြီး အရပ်သားလေးဦးကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်ကလည်း ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်၊ မီးရထားတိုင်း (၉) ရုံးရှေ့တွင် ဗုံးကွဲမှုဖြစ်ပွားခဲ့သေးသည်။ mizzima