Monthly Archives: May 2023

တိုက်ပွဲအတွင်း ကျဆုံးသွားသည့် KNDF တပ် ရင်း၉ ဒုတပ်စုမှူး၏ စျာပန

ကရင်နီပြည်နယ်တွင် ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့က စစ်ကောင်စီနှင့်ဖြစ်ပွားသော တိုက်ပွဲတွင် ကျဆုံးခဲ့သည့် KNDF တပ်ရင်း ၉ ၏ ဒုတိယတပ်စုမှူး၏ စျာပနကို ယနေ့ မေလ ၂၀ ရက်တွင် ပြုလုပ်ခဲ့သည်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ် -KNDF တပ်ရင်း ၉ ၏ ဒုတိယတပ်စုမှူးမောင်ဖရန်စ္စကို(ဂျားဂျာ) ကျဆုံးခဲ့ခြင်းဖြစ်သည်။

မောင်ဖရန်စ္စကို(ဂျားဂျာ)သည် ပေးအပ်သောတာဝန်ကို ​ကျေပွန်စွာ ထမ်းဆောင်သော ရဲဘော်ကောင်းတစ်ဦးဖြစ်ပြီးအမှန်တရားအတွက် အ သက်ကိုပဓာနမထားဘဲ ရဲရင့်စွာတိုက်ပွဲဝင်ကာ အသက်ကိုပေးဆပ်သွားခဲ့ပါသည်ဟု KNDF တပ်ရင်း ၉က ထုတ်ပြန်ထားသည်။

စျာပအခမ်းအနားကိုကောင်းမွန်စွာပြုလုပ်ပေးခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များနှင့်အတူ ရဲဘော်ရဲဖက်များအားလုံး လွန်စွာဝမ်းနည်းကြေကွဲရပြီး ရဲဘော် မောင်ဖရန်စ္စကို၏ပေးဆပ်မှုအတွက် အလေးနီပြုကြောင်း KNDF တပ်ရင်း ၉ မှထုတ်ပြန်ထားသည်။ mizzima

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန် မာစစ်ကောင်စီကို အဓိပ္ပာယ်ရှိ သည့် အရေးယူမှု လုပ်ရေး၊ စစ်ခေါင်း ဆောင်များကို ICC တ ရားရုံး လွှဲပြောင်း ရေး သံအမတ်ကြီးဦးကျော်မိုးထွန်း အစည်းအဝေးတွင် တင်ပြ

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာစစ်ကောင်စီကို အဓိပ္ပာယ်ရှိ သည့် အရေးယူမှု လုပ်ရေး၊ စစ်ခေါင်း ဆောင်များကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးထံသို့ (ICC တရားရုံး) လွှဲပြောင်းရေး ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ Arria-Formula အစည်းအဝေးတွင် တင်ပြ တောင်းဆိုလိုက်သည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် မေလ ၁၉ ရက်နေ့ ဗြိတိန်နိုင်ငံက ဦးဆောင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံနှင့် ပတ်သက်သော ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ Arria-Formula အစည်း အဝေးတွင် ၎င်းက အထက်ပါအတိုင်း တင်ပြတောင်းဆိုလိုက်ခြင်းဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာအပေါ် ချမှတ်ထားသော ဆုံး ဖြတ် ချက် “၂၆၆၉” ၏ နောက်ဆက်တွဲ အရေးယူမှုကို ချက်ချင်း ဆောင် ရွက် ရန် လိုအပ်နေကြောင်း၊ ထို့ကြောင့် လုံခြုံရေးကောင်စီအနေဖြင့် ကုလသမဂ္ဂ ပဋိဉာဏ်စာတမ်း၏ အခန်း ၇ အောက်မှ အဓိပ္ပါယ်ရှိသည့် အရေးယူ ဆောင် ရွက်မှုပြုလုပ်ရန် လိုကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် စစ်တပ်သို့ လက်နက် တင်ပို့မှု ရပ်တန့်ရေးနှင့် ပြစ်မှုကျူးလွန်ထားသည့် စစ်တပ်ခေါင်းဆောင် များကို အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံးသို့ လွဲပြောင်းရေးတို့ကို ဆောင်ရွက်ပေးရန် သံအမတ်ကြီး ဦကျော်မိုးထွန်း က တင်ပြတောင်းဆိုသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံနှင့်ပတ်သက်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးတွင် အောက်ပါ အချက်အလက်များကိုလည်း တင်ပြ တောင်းဆို ဆွေးနွေးကြောင်း သိရှိရသည်။

(က) မြန်မာနိုင်ငံတွင် လတ်တလော လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် အရေးတကြီး လိုအပ်နေကြောင်း၊ နိုင်ငံ တကာအသိုက်အဝန်း၏ အထူးအာရုံစိုက်မှုကို လိုအပ်နေကြောင်း၊ မေလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံအနောက်ပိုင်းသို့ အလွန်အားကောင်းသော ဆိုင်ကလုန်းမိုခါသည် ပင်လယ်ကမ်းရိုးတမ်းမှ ကုန်းတွင်းပိုင်းအထိ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ မတရားအာဏာသိမ်းမှု၊ အကြမ်းဖက်ကျူးလွန်မှုများကို ခံစားနေရသည့် ပြည်သူများသည် မုန်တိုင်း၏ နောက်ဆက်တွဲအကျိုးဆက်များကိုပါ ထပ်ဆင့်ခံစားနေရကြောင်း၊

(ခ) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရိုဟင်ဂျာများအပါအဝင် လူပေါင်း (၄၅၀) ကျော် အသက်ဆုံးရှုံးခဲ့ပြီး၊ နေအိမ်၊ စာသင်ကျောင်း၊ လမ်း၊ တံတားများအပါအဝင် စိုက်ပျိုးဧရိယာများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ လူပေါင်း (၆) သန်းခန့်မှာ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း၊ အစားအစာ၊ ဆေးဝါးနှင့် ယာယီခိုလှုံရန် တဲများမရှိခြင်းနှင့် ဆက်သွယ်ရေးနှင့် ကူးသန်းသွားလာမှု ပြတ်တောက်ခြင်းတို့ကြောင့် ဆိုး ရွားသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း၊

(ဂ) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မိုခါဆိုင်ကလုန်းမုန်တိုင်း အရေးပေါ်တုံ့ပြန်ရေးအတွက် အရေးပေါ်

အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်း၍ အရေးပေါ်ကယ်ဆယ်ရေးအတွက် အမေရိကန်ဒေါ်လာ (၁) သန်း ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကော်မတီမှ မုန်တိုင်းတိုက်ခိုက်ခံဒေသမှ ပြည်သူများ၏ လိုအပ်မှုများကို ဒေသခံကူညီ ဆောင်ရွက်ရေးအဖွဲ့များနှင့်ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊

(ဃ) ကုလသမဂ္ဂအဖွဲ့အစည်းများအပါအဝင် အကူအညီပေးအပ်ရေး ဆောင်ရွက်နေသည့် အခြားသော ကူညီပေးရေးအဖွဲ့များသည် အမှန်တ ကယ်လိုအပ်နေသူများထံသို့ လူသားချင်းစာနာမှုအကူအညီများ ပေးပို့နိုင်ရေး အားသွန်ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းအ ခြေအနေမျိုးတွင် တရားမဝင် စစ်တပ်အနေဖြင့် “ဖြတ် (၄) ဖြတ်” မူဝါဒကို အသုံးပြု၍ လူသားချင်းစာနာမှု အကူအညီပေးရေးပစ္စည်းများ လိုအပ်သူများထံ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသည့် နေရာများတွင် နေထိုင်သူများထံ မပေးအပ်နိုင်ရေး အတွက် ကြိုးစားနေလိမ့်မည်ဖြစ်ကြောင်း၊

(င) လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စနှင့် စပ်လျဉ်း၍ အဓိကနှစ်ချက်ကို ပြောလိုကြောင်း၊ ပထမအချက်အနေဖြင့် လုံလောက်သော လူသားချင်းစာနာမှုအကူအညီများ မရရှိခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ စစ်တပ်၏ မတရားအာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက လူမဆန်သော ရက်စက်မှုကျူးလွန်မှု များကြောင့် လူသားချင်းစာနာ ထောက်ထားမှု အခြေအနေမှာ ဆိုးရွားစေခဲ့ပြီး၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံ ရေးကို ထိခိုက်စေကြောင်း၊ စစ်တပ်၏ ဗုံးကြဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခတ်ခြင်းတို့ကြောင့် မတရားအာ ဏာသိမ်းသည့်အချိန်မှ ယနေ့အချိန်ထိ လူပေါင်း (၁.၅) သန်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး၊ ပြည်သူများ၏ အိုးအိမ် (၆၀,၀၀၀) ကျော် ပျက်စီးခဲ့ရကြောင်း၊

(စ) ယင်းပျက်စီးဆုံးရှုံးမှုများမှာ အကြမ်းဖက်စစ်မက်ပဋိပက္ခတို့ကြောင့် ဖြစ်ကြောင်း၊ ပြည်သူ့ ခုခံကာကွယ်ရေးတပ်ဖွဲ့များအား ကူညီထောက် ပံ့သူများနှင့် အားပေးသူများဟု ၎င်းတို့ ယူဆသူများကို ပစ်မှတ်ထားချေမှုန်းခြင်းမှာလည်း စစ်တပ်၏ လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်ကြောင်း၊ ထို့ ပြင် စစ်တပ်သည် ၎င်းတို့အားရွံရှာစက်ဆုပ်သည့် ပြည်သူများကို အပြီးတိုင် သုတ်သင်လိုသော လူမဆန်သည့် တပ်ဖွဲ့တစ်ခုဖြစ်ကြောင်း၊ စစ် တပ်သည် တရားဝင်မှုမရှိကြောင်း၊

(ဆ) လူသားချင်းစာနာမှုအကူအညီပေးရန် လိုအပ်သူ ယခုအခါ (၁၈) သန်းခန့် ရှိလာကြောင်း၊ ယခုဆိုင်ကလုန်းမိုခါကြောင့် ပိုမိုးဆိုးရွားလာစေကြောင်း၊ ယင်းသို့ အကူအညီလိုအပ်မှု တိုးမြှင့်လာသော်လည်း ကုလသမဂ္ဂ၏ ၂၀၂၃ ခုနှစ် အရေးပေါ်တုံ့ပြန်ရေးရံပုံငွေသည် လိုအပ်မှု၏ (၁၀) ရာခိုင်နှုန်းပင် ပြည့်မီအောင်ရရှိခြင်း မရှိပါကြောင်း၊ သို့ဖြစ်ရာ ကုလသမဂ္ဂနှင့် အခြားသော အလှူရှင်နိုင်ငံများအား အသက်ကယ်ဆယ်ရေး အ ကူအညီပေးမှုများကို ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံ အသုံးပြု၍ ဆောင်ရွက်သင့်ပါကြောင်း၊

(ဇ) ဒုတိယအချက်မှာ လူသားချင်းစာနာမှုအကူအညီ ပေးအပ်နိုင်မှု ဖြစ်ကြောင်း၊ ဤအချက်တွင် အကူအညီပေးအပ်ရေးတွင် အမှန်တကယ်လိုအပ်သူများထံသို့ ချောမွေ့စွာ ရောက်ရှိရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေး ဆောင်ရွက်သူများ၏ လုံခြုံရေးနှင့် ယင်းကို အပြည့် အဝ ကာကွယ်ပေးရေးဖြစ်ကြောင်း၊ ယင်းသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့် မူများကို အပြည့်အဝလေးစားလိုက်နာရေးကို ဖော်ညွှန်းပြသနေကြောင်း၊

(ဈ) အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် မိတ်ဖက်များအနေဖြင့် နိုင်ငံတကာမှ အသိအမှတ်ပြုလက်ခံထားသည့် လူသားချင်းစာနာထောက်ထားမှုမူဝါဒများ ဖြစ်သော စာနာရေး၊ ဘက်မလိုက်ရေး၊ သမာသမတ်ကျရေးနှင့် လွတ်လပ်မှုရှိရေးတို့ကို အပြည့်အဝလိုက်နာရန် ကတိကဝတ်ပြုထားကြောင်း၊ ရှမ်းပြည်နယ်ရှိ စစ်တပ်ထိန်းချုပ်ထားသည့် ဒေသတွင် လူသားချင်းစာနာမှု အကူအညီပေးမည့် သံတမန်ယာဉ်တန်း တိုက်ခိုက်ခံရခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြင်းထန်စွာရှုံ့ချကြောင်း၊ ပြည်သူများ၊ စာသင်ကျောင်းများနှင့် ဆေးရုံ၊ ဆေးခန်းများကို ဦးတည်ချက်ရှိရှိ တိုက်ခိုက်မှုပြုလုပ်၍ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေကို ပြောင်ပြောင် တင်း တင်း ချိုးဖောက်မှုပြုလုပ်နေပြီး၊ ယင်းအတွက် မတရားစစ်တပ်အပေါ် မည်သည့်အရေးယူမှုမျှ မရှိကြောင်း၊ ဒီလိုအခြေအနေမျိုးနှင့် မိမိတို့ ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း၊

(ည) စစ်တပ်၏ ချိုးဖောက်မှုများတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ခရစ်စမတ်အကြို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရမှုကို မှတ်မိနေကြဦးမည်ဖြစ်ကြောင်း၊ ယင်း အစုလိုက်အပြုံလိုက် အသတ်ခံရမှုတွင် ကလေးငယ် (၄) ဦးနှင့် Save the Children ဝန်ထမ်း (၂) ဦး အပါအဝင် အပစ်မဲ့ပြည်သူ (၃၅) ဦး သတ်ဖြတ်ခံခဲ့ရကြောင်း၊ လုံခြုံရေးကောင်စီမှ ယင်းဖြစ်ရပ်အပေါ် ရှုံ့ချကြောင်းနှင့် ပြန်လည်တာဝန်ယူမှု ရှိရေးကို တောင်းဆိုခဲ့ကြောင်း၊ ယမန်နှစ် ဒီဇင်ဘာလက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် “၂၆၆၉” အတည်ပြုချမှတ်ခဲ့ပြီးနောက်တွင်ပင် စစ်တပ်သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို အဖန်တလဲလဲ ကျူးလွန်လျက်ရှိကြောင်း၊ ဧပြီလ (၁၁) ရက်နေ့ကပင် လူပေါင်း (၂၀၀) နီးပါးကို သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ကို လတ်တလော ကျူးလွန်ထားကြောင်း၊ ယင်းသို့ အကြိမ်ကြိမ် ကျူးလွန်ခဲ့သော်လည်း ဒဏ်ခတ်အရေးယူခံရခြင်းမှ လွတ်မြောက်နေကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းမှ စစ်တပ်အပေါ် အရေးယူခြင်း မရှိသေးသရွေ့ စစ်တပ်သည် ပြည်သူများအား သတ်ဖြတ်မှုကို ရပ်တန့်မည် မဟုတ်ကြောင်း၊

(ဋ) လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို “၂၆၆၉” ၏ နောက်ဆက်တွဲ အရေးယူမှုကို ချက်ချင်း ဆောင်ရွက်ရန် လိုအပ်နေကြောင်း၊ ထို့ကြောင့် လုံခြုံရေးကောင်စီအနေဖြင့် ကုလသမဂ္ဂပဋိဉာဏ်စာတမ်း၏ အခန်းခုနစ်အောက်မှ အဓိပ္ပါယ်ရှိသည့် အရေးယူ ဆောင်ရွက်မှုပြုလုပ်ရန် လိုကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် စစ်တပ်သို့ လက်နက်တင်ပို့မှု ရပ်တန့်ရေးနှင့် ပြစ်မှုကျူးလွန်ထားသည့် စစ်တပ်ခေါင်းဆောင်များအား အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံးသို့ လွဲပြောင်းရေးတို့ကို ဆောင်ရွက်ပေးရန် တို့ဖြစ်ကြောင်း၊

(ဌ) စစ်တပ်အနေဖြင့် လူသားချင်းစာနာမှုအကူအညီပေးရေးမူများကို လေးစားလိုက်နာမှုမရှိကြောင်း၊ မလိုအပ်သော အတားအဆီးများကို ပြုလုပ်ပြီး၊ လူသားချင်းစာနာမှု အကူအညီများကို တကယ်လိုအပ်သည့်သူများထံ ပေးပို့ခြင်းမျိုး မဟုတ်ဘဲ၊ ၎င်းတို့လက်သင့်ရာ ပေးပို့နေကြောင်း၊ လူသားချင်းစာနာမှုအကူအညီပေးရေးကို လက်နက်သဖွယ်အသုံးပြု၍ စစ်တပ်တရားဝင်မှုရှိရေး ဆောင်ရွက်မှုများကြောင့် လူသားချင်းစာနာမှုအကူအညီပေးရေးတွင် စိန်ခေါ်မှုများ အကြီးအကျယ် ဖြစ်စေကြောင်း၊

(ဍ) ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အေဂျင်စီများမှ ဆုံးဖြတ်ချက်အဆိုများ၊ ကြေညာချက်များ ထုတ်ပြန်၍ လူသားချင်းစာနာမှုအကူအညီပေးခွင်ကို ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော်လည်း စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း၊ ယခုဆိုလျှင် အချိန်ကာလအားဖြင့် (၂) နှစ်ကျော် ကြာလာပြီဖြစ်သော်လည်း၊ ပဋိပက္ခဒေသတွင်ရှိသည့် အကူအညီလိုအပ် နေသူများထံသို့ ယခုအထိ နိုင်ငံတကာမှ အကူအညီများ ရောက်ရှိခြင်း မရှိသေးကြောင်း၊ မိမိတို့အတွက် အထူးသဖြင့် မြေပြင်ရှိ ပြည်သူများအတွက် အချိန်သည် လွန်စွာတန်ဖိုးရှိပါကြောင်း၊ အကူအညီလိုအပ်နေသူများမှာ တစ်နေ့ထက် တစ်နေ့ ပိုမိုဆိုးရွားစွာ ခံစားနေ ကြရကြောင်း၊ ပြည်သူများ၏ အသက်သည် တန်ဖိုးမဖြတ်နိုင်ကြောင်း၊ ပြည်သူတို့၏ အနာဂတ်သည် မှန်းဆနိုင်ရမည်ဖြစ်ပြီး၊ အဓိပ္ပါယ်ရှိသော အနာဂတ်ရှိကြရမည်ဖြစ်ကြောင်း၊

(ဎ) သို့ဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ KNU, KNPP, CNF တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များမှ လူသားချင်းစာနာမှုအကူအညီများကို အရပ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ နယ်စပ် ဖြတ်ကျော်ပေးပို့နိုင်ရေးကို ရည်ရွယ်လျက် အားလုံးပါဝင်သော လူသားချင်းစာနာ ထောက်ထားမှုဖိုရမ် (IHF) တည်ထောင်ပေးနိုင်ရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား မေတ္တာရပ်ခံထားကြောင်း၊ ဤမေတ္တာရပ်ချက်ကို အထူးကိုယ်စားလှယ်မှ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံသို့ တင်ပြခဲ့ကြောင်း၊

(ဏ) အောက်ပါအချက်များကို တောင်းဆိုလိုကြောင်း၊ (၁) အပစ်မဲ့ပြည်သူများနှင့် လူသားချင်း စာနာထောက်ထားမှုအကူအညီပေးနေသူများအား ပစ်မှတ်ထားသတ်ဖြတ်ခံရခြင်းအပေါ် ထိရောက်သည့် အရေးယူမှုပြုလုပ်ရေး၊ (၂) လိုအပ်နေသူများထံသို့ အကူအညီပေးအပ်မှုများ အတားအဆီးမရှိ ရောက်ရှိရေးနှင့် အကူအညီပေးအပ်ရေးတွင် အမှန်တကယ် လိုအပ်နေသူများထံ ရောက်ရှိရေး၊ (၃) သက်ဆိုင်ရာအဖွဲ့များအားလုံး ပါဝင်သော လူသားချင်းစာနာထောက်ထားမှုဖိုရမ် (IHF) ထူထောင်နိုင်ရေး ပံ့ပိုးပေးရေး၊ (၄) AHA စင်တာအပါအဝင် လူသားချင်းစာနာမှုအကူအညီပေးရေးကို စစ်တပ်အနေဖြင့် လက်နက်သဖွယ် အသုံးပြုနေမှုအား ရပ်တန့်ရေးအတွက် ဆောင်ရွက်ပေးရေး၊ (၅) လူသားချင်း စာနာမှုအကူအညီပေးရေး ဆောင်ရွက်မှုများသည် တစ်ခုနှင့် တစ်ခု ပံ့ပိုးအားဖြည့်သည်မျိုးဖြစ်စေရန် ဆောင်ရွက်ပေးရေး၊

(တ) အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဘက်များသည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မူဝါဒများနှင့်အညီ ပေးအပ်နေသူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် အမှန်တကယ်လိုအပ်သူများထံသို့ ရောက်ရှိရေးကို နည်းမျိုးစုံဖြင့် ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းသို့လည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊

(ထ) စစ်အာဏာရှင်ရှိနေသ၍ လုံခြုံစိတ်ချပြီး ဂုဏ်သိက္ခာရှိစွာ မိမိဆန္ဒဖြင့် ရိုဟင်ဂျာများ နေရပ်ပြန် ရေးမှာ မည်သို့မျှဖြစ်လာမည်မဟုတ်ဘဲ၊ အကြမ်းဖက်မှုများထပ်မံကျူးလွန်ခြင်းများပင် ခံရမည်ဖြစ်ကြောင်း၊ ရိုဟင်ဂျာများအပေါ် စစ်တပ်၏ကျူးလွန်မှုများအတွက် ပြန်လည်တာ ဝန်ခံမှုရှိရန် အမျိုးသားညီညွတ်ရေး အစိုးရမှ ကြိုးပမ်းလျက်ရှိကြောင်း၊

(ဒ) လူသားများအား ကုလသမဂ္ဂပဋိညာဉ်စာတမ်းအရ ကာကွယ်ပေးမှုတွင် မြန်မာနိုင်ငံမှ ပြည်သူများအားလုံးသည်လည်း ပါဝင်နေစေသင့်ကြောင်း၊ မြန်မာပြည်သူများ မိမိကိုယ်ကို ကာကွယ်နိုင်ရေးအတွက် နိုင်ငံတကာ၏ ပံ့ပိုးမှု လိုအပ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူတို့၏ ဆန္ဒနှင့် အသံကို အလေးပေးနားထောင်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းသံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြ တောင်းဆိုသည်ဟု သိရှိရသည်။ khit thit

အင်းတော်မြို့၌ စစ်တပ်က ကား၊ ဆိုင်ကယ်များကို နေ့စဉ် စစ်ဆေးဖမ်းဆီး

စစ်ကိုင်းတိုင်း အင်းတော်မြို့၊ ညောင်ပင်စုရပ်ကွက် သံလမ်းကျော်မှာ မေ ၂၀ ရက် မနက်က စစ်တပ်လက်အောက်ခံ ရဲနဲ့ စစ်သား‌တွေပေါင်ပြီး ကား၊ ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းတော် PDF တပ်ဖွဲ့ဝင်တဦးက  “PDF လို့ ဆိုပြီး ဖမ်းခံရတာတွေရှိတယ်။ ဘယ်သူတွေ ဆိုတာတော့ မသိဘူး။ အင်းတော်မှာ နေ့တိုင်းလိုလို ဖမ်းနေတာ။ မနက် ၁၀ နာရီလောက်ကလည်း အင်းတော်ကနေ ဗန်းမောက်ဘက်အထွက်လမ်း အောင်မင်္ဂလာရပ်ကွက် ချောင်းကမ်းဘေးလမ်းမှာ လာသမျှ ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးနေတာ။ အင်းတော်မှာက အမျိုးသမီးတွေရော၊ အမျိုးသားတွေရော နေ့တိုင်း ဖမ်းခံနေရတာ။ သူတို့ မသင်္ကာတဲ့ လူမှန်သမျှ အကုန်ဖမ်းနေတာ။ တချို့တလေဆို မိဘတွေကို ခေါ် အာမခံခိုင်းပြီး လွှတ်ပေးတယ်၊ တချို့ကျတော့ မလွတ်ပေးဘူး” လို့ ပြောပါတယ်။

စစ်တပ်လက်အောက်ခံ Telegram Channel နဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ အင်းတော်မြို့မှာ PDF တွေ ဖမ်းမိတယ်ဆိုပြီး ရေးသားထားပါတယ်။

မေ ၁၃ ရက်ကလည်း အင်းတော်မြို့ စစ်ဆေးရေးဂိတ်မှာ ဓာတ်ပုံနဲ့ လူနဲ့တွဲကာ တိုက်​ပြီးစစ်ဆေးရာမှ အမျိုးသမီး ၂ ယောက် ဖမ်းဆီးခံရတယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ပါတယ်။

မတ် ၁၉ ရက် နဲ့ ၂၀ ရက်ကလည်း အင်းတော်မြို့ပေါ်မှာ အမျိုးသား ၃ ယောက်ကို PDF လို့ စွပ်စွဲကာ ဖမ်းဆီးခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။ DVB

လွတ်ငြိမ်းနဲ့ လွတ်လာသူ ပြောပြတဲ့ သာယာဝတီထောင်က ငရဲခန်း

ပဲခူးတိုင်း သာယာဝတီထောင်က ငရဲခန်းဖြစ်တယ်လို့ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာသူတွေက မှတ်ချက်ပြုထားကြပါတယ်။

ငရဲခန်းလို့ သတ်မှတ်ခေါ်တွင်ရလောက်တဲ့အထိ ဖိနှိပ်ရက်စက်တာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေ ရှိနေတာဖြစ်ပါတယ်။

မကြာသေးမီက စစ်ကောင်စီရဲ့ လွတ်ငြိမ်းနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ မောင်ကျော် (အမည်လွှဲ)က သူ့ရဲ့ ထောင်တွင်းအတွေ့အကြုံတွေ၊ ထောင်တွင်းဖိနှိပ်မှုတွေအကြောင်းကို မဇ္ဈိမကို ပြောပြလာပါတယ်။

မောင်ကျော်က ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရသူ ဖြစ်ပါတယ်။

အဖမ်းခံရတဲ့နောက် စစ်ကြောရေးမှာ တစ်လနဲ့ငါးရက်အထိ စစ်ဆေးမေးမြန်းတာခံရသူ ဖြစ်ပါတယ်။ စစ်ကြောရေးအတွင်းက နေ့ရက်တွေကို ကျော်ဖြတ်လို့အပြီးမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က အင်းစိန်ထောင်ကို ပို့ဆောင်ခြင်းခံရသူ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က ပုဒ်မ ၅၀၅−က နဲ့ မောင်ကျော်ကို စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့နောက်မှာလည်း မောင်ကျော်တစ်ယောက် ထောင်ပြောင်းရွှေ့ခံရတဲ့အထဲ ပါဝင်လာပါတယ်။ သူဟာ စက်တင်ဘာလ ၂၄ ရက်နေ့က သာယာဝတီထောင်ကို ပြောင်းရွှေ့ခြင်း ခံလိုက်ရတာပါ။

“သာယာဝတီထောင်ကို ဝင်ဝင်ခြင်း ဘူးဝကို ဝင်ကတည်းက ထောင်ပိုင်တွေနဲ့ ထောင်ဝန်ထမ်းတွေ အကစ ဝန်ထမ်းတွေက ‘ဟေ့ကောင်တွေ မင်းတို့ခေါင်းငုံ့’ ဆိုပြီး စရိုက်ပါတယ်။ လဲကျသွားတဲ့အထိလည်း ဆက်ရိုက်ပါတယ်။ ‘ဒီထောင်က မင်းတို့နိုင်ငံရေးအကျဉ်းသားတွေအတွက် သင်္ချိုင်းပဲ၊ ဒီထောင်က နိုင်ငံရေးသမားတွေကို သတ်လာတာ။ မင်းတို့ကို သတ်ပစ်လိုက်လို့ရတယ်၊ ငါတို့မှာ စာလေးတစ်စောင်ရေးပြီးတင်ရုံပဲ’ ပြောတာပေါ့ဗျာ”လို့ မောင်ကျော်က ပြောပြပါတယ်။

မောင်ကျော် ရောက်ရှိလာတဲ့ သာယာဝတီထောင် ရဲ့ ပထမဆုံးအတွေ့အကြုံက သက်တောင့်သက်သာမရှိလှပါ။ သာယာဝတီထောင်ရဲ့ ပထမဆုံး ငရဲခန်းအခြေအနေကို စကြုံလိုက်ရတာပဲ ဖြစ်ပါတယ်။

စတင်ဖမ်းဆီးခံလိုက်ရချိန်မှာ မင်္ဂလာဒုံအကူ(၂)စစ်ကြောရေးမှာ ကိုးရက်ကြာခဲ့ပြီး သုံးရက်တိတိ ဆက်တိုက် ရိုက်နှက်စစ်ဆေးခံခဲ့ရတဲ့အကြောင်းကို ပြန်ပြောင်း ပြောပြလာပါတယ်။

အဲ့ဒီ စစ်ကြောရေးစခန်းမှာ ရှိနေစဉ်က ဘေးအခန်းက သေဆုံးသွားသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။ မင်္ဂလာဒုံအကူ (၂) စစ်ကြောရေးမှာ ကိုးရက်ကြာပြီးနောက် ရွှေပြည်သာစစ်ကြောရေးကို ပို့ဆောင်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

“ရွှေပြည်သာ စစ်ကြောရေးမှာကတော့ အိမ်သာရေနဲ့ပဲ မျက်နှာသစ် အိမ်သာထဲကရေကိုပဲ သောက်ခဲ့ရတာပါ”လို့ မောင်ကျော်က ပြောပြပါတယ်။

စစ်ကြောရေးနေ့ရက်တွေကို ကျော်ဖြတ်လို့အပြီးမှာ အင်းစိန်ထောင်ကို ပို့ဆောင်ခံရပါတယ်။ အင်းစိန်ထောင်အတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ထောင်တွင်းဖိနှိပ်မှုတွေ ကြုံခဲ့ရပေမယ့် သာယာဝတီထောင်က အတွေ့အကြုံတွေက ပိုပြီးဆိုးဆိုးရွားရွားကြုံခဲ့ရတဲ့အကြောင်းကို ပြောပြပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေကိုလည်း အလုပ်ကြမ်းခိုင်းပါတယ်။ မလုပ်ချင်ရင် အလုပ်ဖိုးဆိုပြီး ၅၀,၀၀၀ (ငါးသောင်း)ပေးရတယ်။ ထောင်အခန်းဆေးသုတ်တာက အစ အကျဉ်းသားတွေဆီက ပိုက်ဆံကောက်တယ်” လို့ မောင်ကျော်က သာယာဝတီထောင်တွင်းက အတွေ့အကြုံကို ပြောပြပါတယ်။

သူတို့ရဲ့နောက်မှ ရောက်လာကြသူတွေကို ပိုပြီးဖိနှိပ်မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းရောက်လာသူတွေကို သံခြေချင်းနဲ့ တစ်လထားတာ၊ အလုပ်ကြမ်းခိုင်းတာတွေ လုပ်ပါတယ်။ အလုပ်ကြမ်းမလုပ်ချင်သူတွေကို ထောင်တာဝန်ရှိသူတွေက ငွေကျပ် ၁၅၀,၀၀၀ (တစ်သိန်းခွဲ)ပေးရမယ်ဆိုပြီး တောင်းတယ်လို့ ပြောပါတယ်။

အကျဉ်းသားအချင်းချင်း ပို့တဲ့စာ မိသွားတဲ့အခါ စာပို့တဲ့ အကျဉ်းသားကို တိုက်ပိတ်တာ၊ ဒေါက်ခြေချင်းခတ်ပြီးတော့ ထောင်တစ်ပတ် ပတ်ပြေးခိုင်းပြီး အနောက်ကနေ လေးဂွတွေနဲ့ ထောင်ဝန်ထမ်းတွေဝိုင်းပစ်ကြတဲ့အကြောင်းကို ပြောပြပါတယ်။

နိုင်ငံရေးအမှုနဲ့ ထောင်ပြောင်းရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ‘ဘာအမှုလဲ’ မေးမြန်းပါတယ်။ ‘နိုင်ငံရေးအမှု’လို့ပြန်ပြောလိုက်တာနဲ့ “မင်းတို့နိုင်ငံရေးသမားတွေ မကောင်းလို့ ငါတို့အခုလိုလုပ်နေရတာ”လို့ဆိုပြီး ရိုက်နှက်တာကို ခံခဲ့ရတယ်လို့ မောင်ကျော်က ပြောပြပါတယ်။

“ကျွန်တော် သာယာဝတီထောင်တွင်းမှာရှိနေစဉ်က နိုင်ကျဉ်းတော့မဟုတ်ဘူး အခြားအမှုနဲ့ အကျဉ်းသားတစ်ယောက်ကို ပုံစံထုတ်မောင်းပြီး ရိုက်တာမှာ လက်လွန်‌ပြီး‌ အကျဉ်းခန်းထဲပြန်ရောက်ရုံရှိသေးတယ် အမောဖောက်ပြီး ဆုံးသွားပါတယ်”လို့ မောင်ကျော်က ဆက်ပြောပါတယ်။

ဒီလို ထောင်ဝန်ထမ်းတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့် အသက်ဆုံးသွားရတဲ့ အကျဉ်းသားတွေရှိနေတဲ့အကြောင်း မောင်ကျော်ရဲ့ အတွေ့အကြုံတွေက လှစ်ဟာပြလို့ နေပါတယ်။

အင်းစိန်ထောင်အတွင်းမှာ ရှိနေစဉ်ကလည်း နိုင်ကျဉ်းတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်ပြီး အခန်းထဲပြန်ထည့်ထားစဉ်မှာ အရိုက်ခံရတဲ့ ဒဏ်ရာကြောင့် နာကျင်ပြီး အော်နေတာကို ဆေးကုသခွင့် မပေးခဲ့တဲ့အတွက် အသက်ဆုံးရှုံးလိုက်ရသူ တစ်ဦးရှိခဲ့တယ်လို့ ပြောပါတယ်။

“အရိုက်ခံထားရပြီး ခြေကျိုးလက်ကျိုးထားတဲ့သူတွေ အများကြီးရှိတယ်။ တချို့ဆို ပုံမှန်စိတ်မဟုတ်တော့ဘူး၊ ငူတူတူ ငိုင်တိုင်တိုင်ကြီးတွေဖြစ်တဲ့အထိ ရိုက်ထားတာတွေရှိတယ်။ နှစ်လပိုင်းလောက်ကဆို မန္တလေးကနေ ထောင်ပြောင်းလာတဲ့အမျိုးသမီးကို တိုက်ထဲတွေအထိ လေးဂွနဲ့ပစ်တာ သံတိုင်ကိုမှန် ပြန်ကန်ပြီး လေးသီးအစမှန်လို့ မျက်ခုံးနား ကွဲသွားတယ်။ အဲ့ဒီနောက်မှာ အမျိုးသမီးက ထပြောတော့ အပြင်ကိုခေါ်ထုတ်ပြီးရိုက်တယ်။ တိုက်ပိတ်တယ် တိုက်ထဲအတိလည်း လိုက်ရိုက်တယ်လို့ကြားသိရတယ်”လို့ မောင်ကျော်ကပြောပါတယ်။

အမျိုးသမီးအကျဉ်းသားတွေ နှိပ်စက်ခံရတဲ့အကြောင်းကို မျက်မြင်ကိုယ်တွေ့မဟုတ်ပေမယ့် သတင်းတွေကို ကြားသိနေရတဲ့အကြောင်း ပြောပြပါတယ်။

“ထောင်တွင်းမှာ ဆေးဝါး၊ အစားအသောက်ဆိုတာ အကုန်သိပြီးတဲ့အတိုင်း လူ့အခွင့်အရေးနဲ့အညီ ဘာတစ်ခုမှမရှိပါဘူး၊ ညွှန်မှုးလာလို့ လိုအပ်တာ ထပြောဆိုလို့များ ပြောလိုက်မိပြီးရင် ညွှန်မှုးပြန်တာနဲ့ အရိုက်ခံရတာပဲ” လို့ဆိုပါတယ်။

ထောင်တွင်းကိစ္စရပ်တွေကို ပြောပြရတာဟာ အကျဉ်းထောင်တွေမှာ ကျန်ရှိနေကြတဲ့ တော်လှန်ရေး ရဲဘော်ရဲဘက်တွေအတွက် ပြည်သူတွေနဲ့ တာဝန်ရှိသူတွေက အကူအညီတစ်စုံတစ်ရာ ပေးနိုင်စေဖို့အတွက် မျှော်လင့်ထားလို့ဖြစ်တယ်လို့ ဆိုပါတယ်။

“ထောင်ထဲမှာ ကျန်နေတဲ့ကျွန်တော့်ရဲဘော်ရဲဘက်တွေဟာ အပြင်မှာ တစ်ခါမှ မလုပ်ခဲ့ဖူးတဲ့ အလုပ်ကြမ်းတွေကို နိုင်ကျဉ်းတွေအနေနဲ့ လုပ်နေရပါတယ်။ ထောင်ဝင်စာလာတွေ့တဲ့ သူလည်းရှိသလို မိသားစုစီးပွားရေးအဆင်မပြေလို့ လာမတွေ့နိုင်သူတွေ ခွင့်မပြုလို့ မတွေ့ရသူတွေလည်းရှိနေတော့ ပါဆယ်မရကြသူတွေလည်း အများကြီးပါ။ ပိုက်ဆံကလည်းခက်ခဲနေကြတော့ ပါဆယ်လေးမျှော်စားရမှာကို ပါဆယ်ပါမရနေကြတာပါ။ ပြည်သူတွေအနေနဲ့ ထောင်ထဲက ရဲဘော်ရဲဘက်တွေကိုလည်း တတ်နိုင်တဲ့နည်းလမ်းနဲ့ကူညီကြပါလို့ ပြောချင်ပါတယ်”လို့ မောင်ကျော်ကပြောပါတယ်။ mizzima

မတ္တရာမြို့ပေါ်ရှိ စစ်တပ် ဂိတ်စခန်းကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ တကောင်းတွင် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက် ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ညကင်း ဂိတ်စခန်းကို RPG ဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း တောကြီးမြွေပွေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၉ ရက် ည ၈ နာရီမိနစ် ၂၀ ခန့်က မတ္တရာမြို့ပေါ်၊ အ.ထ.ကကျောင်း အရှေ့၌ ညကင်း ဂိတ်စခန်းဖွင့်ကာ လုံခြုံရေးစောင့်နေသော အကြမ်းဖက်စစ်သားများကို RPG ဖြင့် တစ်လုံး ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျောင်းထဲမှာ တပ်စွဲပြီး ကျောင်းရှေ့မှာ ညစောင့်လုပ်နေတဲ့ လုပ်နေတဲ့ စစ်ခွေးတွေပါ၊ သူတို့က မြို့ထဲ လုံခြုံရေးယူတဲ့ စစ်အုပ်စု၊ ပြန်ပစ်တာတော့ရှိပါတယ်၊ ရဲဘော်တွေအားလုံး အန္တရာယ်ကင်းခဲ့ပါတယ်” ဟု တောကြီးမြွေပွေးတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်တီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို တောကြီးမြွေပွေးတပ်ဖွဲ့ ၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး အဖွဲ့ ၅ ၊ မန္တလေးတိုင်းဒေသကြီး အခြေစိုက်တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီနှင့် အနီးပတ်၀န်းကျင်တွင် နေထိုင်ခြင်းမပြုရန် တောကြီးမြွေပွေးတပ်ဖွဲ့က ထုတ်ပြန် ထားသည်။

ထို့ပြင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ ၆ မိုင်ရွာအနီးတွင် အကြမ်းဖက်စစ်ကား ၃ စီး ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နောက်ဆုံးကားတစ်စီး ထိမှန်ခဲ့ကြောင်း တကောင်း ပကဖမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၉ ရက် ည ၈ နာရီခန့်က တကောင်းတိုက်နယ်၊ နီကယ်စက်ရုံမှ တကေင်းမြို့သို့ ဆင်းလာသော အကြမ်းဖက်စစ်ကား ၃ စီးကို ၆ မိုင်ရွာအနီးအရောက် မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ရာ နောက်ဆုံးကား တစ်စီးကို ထိမှန်ခဲ့ပြီး ကျန်ရှေ့ကား ၂ စီးမှာ အရှိန်ဖြင့် မောင်းနှင်ထွက်ပြေး သွားကြောင်း သိရသည်။

“ ဖိုးဝှီး ၂ စီးနဲ့ နောက်ဆုံးကားက ၆ ဘီးကား ပုံစံကားအသေးတစ်စီးပဲ၊ အကြီးကြီးမဟုတ်ဘူး၊ စုစုပေါင်း ခွေး ၃၀ လောက်တော့ပါမယ်၊မိုင်းထိပြီးတော့ ကားက တဖြည်းဖြည်းချင်းမောင်းသွားတာ၊ ၃ မိုင်ရွာ ရောက်တော့ ဆဲဆိုခြိမ်းခြောက်သွားတယ်လို့ သိရတယ်” ဟု တကောင်း ပကဖမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ khit thit

ဝက်လက်မြို့မရဲစခန်း၊ မီးသတ်ရုံးနှင့် မြိုင်ဘက်လာသည့် စစ်ကားများ တိုက်ခိုက်မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့က မြို့မရဲစခန်းနဲ့ မီးသတ်စခန်းကို မေ ၁၉ ရက်မှာ တကြိမ်စီ တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerrilla Force ထံက သိရပါတယ်။

မနေ့ မနက် ၇ နာရီလောက်မှာ ဝက်လက်မြို့မရဲစခန်းကို တကြိမ်၊ ညနေ ၆ နာရီမှာ မြို့မမီးသတ်စခန်းကို တကြိမ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ မီးသတ်ရုံးထဲက ပျူစောထီး ၂) ဦး သေဆုံးပြီး ရဲစခန်းအတွင်း ထိခိုက်မှုက်ိုတော့ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။

Eagle Guerrilla Force ဗိုလ်ကောက်ရိုးက  “ရဲစခန်းထဲက ထိခိုက်မှုက မသိရသေးဘူး။ ဝက်လက်မြို့ဆေးခန်းက ဆရာမတွေကို ရဲစခန်းထဲ ခေါ်သွားတယ်လို့ သတင်းရပြီး မီးသတ်ရုံဘက်က ပျူ ၂ ကောင် ကနဦး သေတယ် သိရပါတယ်” လို့ ပြောပါတယ်။

ရဲစခန်းထဲမှာက ရဲ နဲ့ ပျူစောထီးတွေ နေကြတာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေက မီးသတ်ရုံးနဲ့ သစ္စာအောင်မြေ ဘုန်းကြီးကျောင်းမှာ အ ထိုင်ချတပ်စွဲထားတာဖြစ်ပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာကနေ မြိုင်မြို့နယ်ဘက်ကို ထွက်လာတဲ့ စစ်ကားတွေကို  မေ ၁၉ ရက် နေ့လယ် ၂ နာရီဝန်းကျင်က မိုင်းဆွဲခဲ့တယ်လို့ Earthquake Peoples Defense Force ထံက သိရပါတယ်။

စစ်သား ၃၀ ဝန်းကျင်ပါတဲ့ဖောကား ၁ စီးနဲ့ အိမ်စီးကား ၂ စီးကို ပဒေသာမိုင်း ၁၂ လုံးနဲ့ မိုင်းဆွဲ ခဲ့တယ်လို့ Earthquake People Defense Force က သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။

“အင်ပင်ကျေးရွာကို ကျနော်တို့ဘက်က နေ့တိုင်းနီးပါး  ဒရုန်းနဲ့ ဗုံးချတယ်။ အဲဒီတော့ သူတို့ ကျနော် တို့ဆီ လာတာကို မိုင်းဖောက်ခွဲခဲ့တာပါ။”

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ထိခိုက်ဒဏ်ရာ ရသူရှိတဲ့အတွက် လက်နက်ငယ်နဲ့ ပြန်လည်ပစ်ခတ်ကာ ကား ၃စီးလုံး ပခုက္ကူဘက်ကို ပြန်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာတပ်စွဲထားတဲ့  စစ်ကောင်စီတပ်စစ်သားတွေကို မေ ၁၇ ရက်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် စစ် သား ၂ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ DVB

ဘီးလင်းမြို့နယ် နယ်ခြားရွာမှ ဒေသခံ လက် နက်ကြီးကျည်ထိမှန်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ နယ်ခြားရွာ (ကျားကွင်း)မှ ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ မေလ ၁၉ ရက်တွင် ဘီးလင်းမြို့နယ်၊ မဲလံကျေးရွာမှ ခြေလျင်ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ၎င်းတို့ ဆင်းလာရာ လမ်းတစ်လျှောက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ နယ်ခြားကျေးရွာ( ကျားကွင်း)မှ ဒေသခံအမျိုးသမီးတစ်ဦး ထိုလက်နက်ကြီးကျည် ထိမှန်၍ သေဆုံးခဲ့ကာ ဒေသခံနေအိမ်တစ်လုံး မီးလောင်ခဲ့ရကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် တပ်မဟာ (၅)၊ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မဲဝိုင်ကျေးရွာအခြေစိုက် မဲဝိုင်စစ်ကောင်စီစခန်းမှ အင်အား ၁၀၀ ဝန်းကျင်ပါသော စစ်ကြောင်းဖြစ်ပြီး မေလ ၁၅ ရက်နေ့မှစ၍ တပ်မဟာ (၅) မှ တပ်မဟာ (၁)နယ်မြေ၊ ဘီးလင်းမြို့နယ်သို့ ခြေလျင်စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။

“မနေ့က မဲဝိုင်ဘက်ကဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီး ရမ်းသန်းပစ်လို့ နယ်ခြားရွာမှာ ပြည်သူတစ်ယောက်သေတယ်။ သေတာက အမျိုးသမီး၊ အိမ်တစ်လုံး လက်နက်ကြီးကျလို့ မီးလောင်သွားတယ်။ ဒေသခံတွေလည်း ပြေးနေရတယ်” ဟု ဘီးလင်းမြို့နယ်မှ သ တင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ၎င်းတို့ စတင်စစ်ကြောင်းထိုးလာရာ တပ်မဟာ (၅)နယ်မြေ၊ ဒွယ်လိုးမြို့နယ်တစ်လျှောက်တွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်ခဲ့ကြကြောင်း တပ်မဟာ (၅) မူတြော်သတင်းစဉ်က ယနေ့ မေလ ၂၀ ရက်တွင် ထုတ်ပြန်ထား သည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်တွင် ထိုစစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် တပ်မဟာ (၅) နယ်မြေ၊ ဒွယ်လိုးမြို့နယ်၊ မဲဝိုင်ကျေးရွာအုပ်စု၊ ဖွေးပွာကျေးရွာအတွင်း ဝင်ရောက်ခဲ့စဉ်က ယင်းကျေးရွာမှ ဒေသခံနှစ်ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားကာ ၎င်းတို့ဘေးကင်းလုံခြုံပြီဟု ယူဆသည့် လမ်းခုလတ်အရောက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း KNU-မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ထိုစစ်ကောင်စီတပ်သားများသည် ဖွေးပွာကျေးရွာနေ ဒေသခံများ၏ ဖုန်းသုံးလုံး၊ အရပ်သုံး စကားပြောစက်တစ်လုံး၊ ငွေသား ၃၈၀,၀၀၀ ကျပ်၊ ဓါးမြှောင်နှစ်လက်တို့အား ယူဆောင်သွားကြောင်းလည်း ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၁၅ရက်၊ ၁၆ရက်နှင့် ၁၈ ရက်တို့တွင် အဆိုပါစစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းအား တပ်မဟာ (၁) KNLA ပူးပေါင်းစစ်ကြောင်းများက ကြားဖြတ်တိုက်ခိုက်မှုပေါင်း ခြောက်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ mizzima

အကြမ်းဖက်စစ်တပ်ရဲ့ လေယာဥ်ဆီ နဲ့ ဝင်ငွေလမ်းကြောင်း မှန်သမျှ ပိတ်ပင်နိုင်ရေး ပြည် တွင်း ပြည်ပမှ တော်လှန်ရေးအင်အားစုများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်

“ ကလေးငယ်တွေ …. အလောင်းတွေလည်း အတော်များတယ်။ အမျိုးသမီးတွေလည်း များတယ်။ နောက်ပြီး တချို့အလောင်းတွေက အပိုင်း ပိုင်း ပြတ်ကုန်တာ။ လူမှန်းသူမှန်းတောင် မသိရတော့ဘူး …”

“ဒီတိုင်းပဲ ဘာတိုက်ပွဲမှမရှိဘဲ ဝင်ပစ်ခံရတာ။ ဝေဟင်ကတော့ဗျာ… ပြည်သူလား၊ PDF လုပ်တဲ့ကလေးလား.. ဘာမှမှ ခွဲခြားနိုင်စွမ်း မရှိတာ။ သူတို့ပစ်ချင်တဲ့ နေရာတွေ ပစ်တာပဲ။ … သူတို့က အဲ့လို စည်းနဲ့ဘောင်နဲ့ရှိတဲ့ အဖွဲ့အစည်းမှ မဟုတ်တာ”

“အင်မတန်မှ ရွံစရာကောင်းတာပေါ့။ အကျွေးအမွေး အစီအစဥ်တွေလည်း ပါတော့ … အနီးနားမှာ ရွာရှိတဲ့အတွက် ပရိသတ်တွေလာတာ၊ တော်တော်ကို ယုတ်မာပက်စက်တဲ့ လုပ်ရပ်လို့ပဲ ပြည်သူတွေက မြင်တယ်”

ဒီစကားသံတွေဟာ အာဏာသိမ်း စစ်အုပ်စုရဲ့ ဥပဒေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ခံစားခဲ့ရတဲ့ ပဇီကြီးရွာခံများ အပါအဝင် မြန်မာပြည်သူတွေရဲ့ ဝမ်းနည်းကြေကွဲ နာကျည်းစရာ ရင်ဖွင့်သံတွေပဲ ဖြစ်ပါတယ်။

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုခါမုန်တိုင်းကြောင့် အားလုံး အထိတ်တလန့် ဖြစ်နေချိန်မှာတောင် လေကြောင်း အသုံးပြုပြီး ပြည်သူကို လိုက်လံဒုက္ခပေးခဲ့တဲ့ ပြည်ဖျက်သမားတွေ ဖြစ်ပါတယ်။

ဒီလိုဖြစ်ရပ်များ ခပ်စိပ်စိပ်ဖြစ်လာပြီးနောက်မှာတော့ နိုင်ငံတကာ ဥပဒေတွေကိုပါ ထမင်းစား ရေသောက် ချိုးဖောက်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ဝိုင်းဝန်းရပ်တန့်ပေးဖို့ မြန်မာပြည်သူတွေက ကမ္ဘာကြီးကို တောင်းဆိုနေကြပါပြီ။

(၁)အကြမ်းဖက်စစ်တပ်ကို မြန်မာအစိုးရအဖြစ် တရားဝင်မှုမရရှိအောင် လုပ်ဆောင်ပေးရန်။

(၂)ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှု ဆက်မလုပ်နိုင်အောင် အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ပိတ်ဆို့အရေးယူပေးရန်။

(၃)အကြမ်းဖက်စစ်တပ်ရဲ့ လေယာဉ်ဆီရရှိနေမှုအပေါ် ပစ်မှတ်ထား အရေးယူ ပိတ်ဆို့ပေးရန်။

အထက်ဖော်ပြပါ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး မြန်မာပြည်သူ ၉ဝဝဝ ကျော်နဲ့ အဖွဲ့အစည်းပေါင်း ၁၉၁ ဖွဲ့ကနေ လက်မှတ်ထိုးပြီး ဂျပန်နိုင်ငံမှာ ၃ရက်ကြာ ကျင်းပတဲ့ ၄၉ကြိမ်မြောက် ကမ္ဘာ့ထိပ်သီး စက်မှုနိုင်ငံ ၇နိုင်ငံ G7 အစည်းအဝေးဆီကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာ ဖြစ်တယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က ပြောဆိုထားပါတယ်။

မြန်မာပြည်သူတွေရဲ့ နိုင်ငံတစ်ဝန်း အုံလိုက်ကျင်းလိုက် ဆန့်ကျင်ဆန္ဒပြမှုတွေကို ဂရုမစိုက်ဘဲ လက်နက်အားကိုးနဲ့ အာဏာကို ဖက်တွယ်ထားတဲ့ စစ်အုပ်စုဟာ အခုဆိုရင် ပြည်သူတွေရဲ့ လက်နက်စွဲကိုင်တော်လှန်ရေးနဲ့ ရင်ဆိုင်နေရတာပါ။ သူတို့ မြေပြင်မှာ အင်အားနည်းလာလေ လေ ကြောင်းကနေ ပိုဖိတိုက်လေ ဖြစ်နေပါတယ်။

စစ်တပ်ဟာ သူတို့နဲ့ ဆန့်ကျင်လာသူတွေကို ဖိနှိပ်ဖို့ အစကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ပုံရပါတယ်။

၂ဝ၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် အသုံးပြုပြီး စစ်လက်နက်နဲ့ ကုန်ကြမ်းပစ္စည်းတွေ ဝယ်ယူခဲ့ပြီး ရုရှားနဲ့ တရုတ်ကနေ တိုက်လေယာဉ်တွေကို အများဆုံး ဝယ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးရဲ့ ‘သေမင်းတန် ကုန်သွယ်မှု’ ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြည်သူ့ဘဏ္ဍာ ငါ့ဘဏ္ဍာ ဆိုတဲ့ စိတ်နဲ့ စစ်လက်နက်တွေ ဝယ်ယူ၊ ပြည်သူသာအမိ ပြည်သူသာအဖဆိုပြီး ပြည်သူကို ပြန်လည်ချေမှုန်း လာခဲ့တာဟာ အာဏာစသိမ်းတဲ့ ၂ဝ၂၁ခုနှစ် ဖေဖော်ဝါရီလကနေ ၂ဝ၂၃ ဇန်နဝါရီလအထိ ၂ နှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှု အနည်း ဆုံး အကြိမ် ၆ဝဝ ကျော်အထိ ရှိခဲ့ပါတယ်။

မြန်မာ့အရေး အထူးအကြံပေးကောင်စီရဲ့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေပညာရှင် ခရစ္စဆီဒိုးတီးက ပြည်သူတွေဟာ စစ်ကောင်စီရဲ့ နိုင်ငံရေးရည်မှန်းချက်အတွက် ပစ်မှတ်ထားခံနေရတယ်လို့ ပြောခဲ့ဖူးပါတယ်။

“တိုက်ခိုက်မှုတွေဟာ စစ်ဘက်ပစ်မှတ်ရယ် အရပ်သား နေရာထိုင်ခင်းရယ်လို့ ခွဲခြားမှု မရှိတာကို တွေ့ရပါတယ်။ အကြမ်းဖက်ဝါဒဆိုတာ ဘာကိုခေါ်သလဲ ဆိုတဲ့အပေါ် နိုင်ငံတကာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ရှိပါတယ်။ အခု သူတို့ရဲ့ အပြုအမူတွေဟာ အဲ့ဒီအဓိပ္ပာယ်ဖွင့်ဆိုမှုတွေအောက် အကျုံးဝင်နေတယ် ဆိုတာ ထင်ရှားပါတယ်”

“စစ်ကောင်စီဟာ သူတို့ တည်ဆောက်ရယူချင်တဲ့ နိုင်ငံရေး ရည်မှန်းချက်တွေအတွက် အများပြည်သူအပေါ် စစ်ရေးနည်းသုံးပြီး ခြိမ်းခြောက်ရန်မူနေတာ ဖြစ်ပါတယ်။ လူတွေရဲ့ မြို့ရွာတွေဟာ စစ်ကောင်စီရဲ့ နိုင်ငံရေး ရည်မှန်းချက်အတွက် ပစ်မှတ်ထားခံနေရပါတယ်” လို့ သူက ပြောခဲ့တာပါ။

လေကြောင်းတိုက်ခိုက်မှုတွေဟာ အခုနောက်ပိုင်း ပိုပြီး ခပ်စိပ်စိပ် တွေ့လာရပါတယ်။ ချင်းပြည်နယ်မှာဆိုရင် ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလ ၂လအတွင်း လေကြောင်းကနေ ဗုံးအလုံးရေ ၁၂ဝ ကျော်အထိ ချင်းပြည်နယ်အနှံ့ ကြဲချခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦးက သတင်းထုတ်ပြန်ထားပါတယ်။

ကယား (ကရင်နီ) ပြည်နယ်မှာဆိုရင်လည်း မတ်လနဲ့ ဧပြီလတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တဟုန်ထိုး မြင့်တက်လာပြီး ၂လအတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ် ၁၅ဝကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ကရင်နီ သမိုင်းတစ်လျှောက်မှာ လေကြောင်းတိုက်ခိုက်မှု အများဆုံးကြုံတွေ့ရတာဖြစ်တယ်လို့လည်း ပြောကြပါတယ်။

လေယာဉ်သံတွေကြားတိုင်း စာသင်ခန်းထဲကနေ ကြောက်လန့်တကြား ထွက်ပြေးပုန်းရှောင်နေရတဲ့ ကလေးငယ်တွေလည်း ဒီဖြစ်ရပ်ဆိုးတွေကို ဖြစ်နိုင်ရင် ချက်ချင်းရပ်တန့်ပေးကြဖို့ စိတ်ထဲက တောင်းဆိုနေကြမှာပါ။

“အခုဖြစ်နေတဲ့ဟာကို ဒီနေ့ချက်ချင်းကြီးတော့ ရပ်လို့မရဘူး။ ဘာကြောင့်လဲဆိုတော့ လက်နက်တွေ၊ လေယာဉ်တွေ၊ ဆီတွေ အကုန်လုံးက သူတို့ဆီမှာ ရှိပြီးသား၊ ချက်ချင်းရပ်တန့်လို့ မလွယ်ပေမယ့် နည်းလမ်းရှာလို့တော့ ရပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုက အဲ့ဒီနည်းလမ်းက နှေးလေလေ ပြည်သူလူထုက ပိုသေလေလေဖြစ်မယ်။ ကျနော်တို့ NUG အနေနဲ့ ဘယ်လောက်ပဲ ဒါကို ရပ်တန့်ချင်ပေမယ့် နိုင်ငံတ ကာရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အားလုံး တက်တက်ကြွကြွ ပါဝင်ဖို့ ဆက်လက်ကြိုးပမ်းရမှာ ဖြစ်ပါတယ်”

ဒါကတော့ မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ်ပစ်မှတ်ထား လေကြောင်းသုံး တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်း ပြောဆိုထားတာပါ။

မြန်မာပြည် ကောင်းကင်အနှံ့ ပျံသန်းချင်တိုင်း ပျံသန်းပြီး ပြည်သူတွေရဲ့ အသက်ကို နုတ်ယူနေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြည်တွင်းတော်လှန်ရေး အင်အားစုတွေက ရတဲ့နည်းနဲ့ တန်ပြန်ရမှာ ဖြစ်သလို၊ နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေး အရေးယူဆောင်ရွက်ပေးဖို့တွေကလည်း လိုအပ်နေပြီပဲ ဖြစ်ပါတယ်၊။ khit thit

မုန်တိုင်းသင့်​ပြည်သူများ ပြန်လည်ထူထောင်ရေး အာဆီယံ ကူညီမည် 

မြန်မာနိုင်ငံက မိုခါမုန်တိုင်းသင့်ပြည်သူတွေ ပြန်လည်ထူထောင်ဖို့ အာဆီယံက မေ ၂၁ ရက်မှာ လူသားချင်း စာနာထောက်ထားမှုနဲ့ ထောက်ပံ့မှုတွေကို စတင်မယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဒေသတွင်းသတင်းဌာနတွေကို ပြောပါတယ်။

မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးမယ့် အထောက်အပံ့ပစ္စည်းတွေလည်း မလေးရှားနဲ့ ထိုင်းနိုင်ငံက အာဆီယံရဲ့ သဘာဝဘေးအန္တရာယ်ကူညီထောက်ပံ့ရေးသတ်မှတ် ဂိုဒေါင်တွေမှာရောက်ရှိနေပြီး မေ ၂၂၊ ၂၃ ရက်နေ့တွေမှာ ထောက်ပံ့ပေးပို့သွားမယ်လို့  Bernama သတင်းမှာ ဖော်ပြထားပါတယ်။

အာဆီယံရဲ့ လူသားချင်းစာမှု နဲ့ ညှိနှိုင်းရေးဆိုင်ရာစင်တာက တာဝန်ရှိသူတွေနဲ့ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံက ကိုယ် စားလှယ်တွေကိုယ်တိုင် အရေးပေါ် သဘာဝဘေးအန္တာရယ် ကူညီပေးမယ့်အဖွဲ့တွေကို ပံ့ပိုးပေးဖို့ မြန်မာနိုင်ငံထဲ ရောက်ရှိနေပြီလို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဆိုပါအာဆီယံတာဝန်ရှိသူတွေက မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံက စာရင်း တွေကို ကောက်ယူနေပြီး အမြန်ဆုံးကူညီပေးမယ်လို့ ဖော်ပြထားပါတယ်။

မေ ၁၄ ရက်က စတင်တိုက်ခတ်ခဲ့တဲ့ မိုခါအင်အားပြင်းမုန်တိုင်းက ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေကို ပျက်စီးစေခဲ့ပြီး စစ်တွေမြို့မှာ ၉၀ ရာ ခိုင်နှုန်းပျက်စီးသွားကာ ရိုဟင်ဂျာဒုက္ခသည် စခန်းက ဒုက္ခသည် ၁၀၀ ကျော်သေဆုံးသွားခဲ့ပြီး နိုင်ငံတဝန်းက မုန်တိုင်းဒဏ်ခံခဲ့ရတဲ့မြို့တွေမှာ ကုန်စျေးနှုန်းတက်တာတွေနဲ့ သွားလာရ ခက်တာတွေ  ကြုံတွေ့နေကြရပါတယ်။ DVB

« Older Entries