ကန့်ကွက်မှုများရှိသည့် နမ္မတူ ရေကာတာစီမံ ကိန်းကို UWSAပိုင် ကုမ္ပဏီက အရှိန်အ ဟုန်ဖြင့် ဆောင်ရွက်နေဟု ထုတ်ပြန်

ဒေသခံလူမှုအသိုင်းအဝိုင်း၏ အတိုက်အခံပြုလုပ်မှုများကြားမှ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပိုင် ကုမ္ပဏီက နမ္မတူရေ ကာတာ ဆောက်လုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုစောင့်ကြည့်ရေးအဖွဲ့ (SSFIM)က ယမန်နေ့ မေလ ၁၈ ရက်တွင် ထုတ်ပြန်သည်။
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့၏မြောက်ဘက် ၂၀ ကီလိုမီတာအကွာရှိ နမ္မတူ မြစ်ငယ်မြစ်ပေါ်တွင် အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆိုသည်။
လျှပ်စစ်ဓာတ်အား ၂၁၀ မဂ္ဂါ၀ပ် ထုတ်လုပ်မည့် နမ္မတူ (သီပေါ) ရေကာတာကို ဆောက်လုပ်ရန် UWSA ပိုင် Natural Current Energy Hydropower ကုမ္ပဏီ (NCEH)နှင့် စစ်ကောင်စီ၏ လျှပ်စစ်ဓာတ်အား စီမံရေးဦးစီးဌာနတို့အကြား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စဆောက်တာကတော့ ၂၀၁၉ လောက်တည်းက စနေတာပါ။ တရား၀င်စာချုပ်ကိုတော့ ၂၀၂၂ ခုနှစ် ဧပြီမှာမှ ချုပ်တာပါ။ လက်ရှိကတော့ စက်ပစ္စည်းတွေ နေရာချတာ၊ မြေတူးတာ မြေဖို့တာ စလုပ်နေပြီရှင့်၊ ၁၀ ရာခိုင်နှုန်းလောက်လို့ ခန့်မှန်းရပါတယ်”ဟု SSFIMက ပြောသည်။
၂၀၂၂ခုနှစ် စာချုပ်ချုပ်ဆိုကတည်းက ရေကာတာ စီမံကိန်းတွင် ကြီးမားသော ၀န်တင်ယာဉ်များ လားရှိုးဘက်မှ ရောက်လာခြင်း၊ မြန်မာစကားမပြောတတ်သော တရုတ်အလုပ်သမား ရာနှင့်ချီ ၀င်ရောက်လာခြင်း စသည့်ထူးခြားသော လှုပ်ရှားမှုများကို ဒေသခံများက သတိပြုမိခဲ့ကြပြီး ယခုစီမံကိန်းသည် တရုတ်ကျောထောက် နောက်ခံဖြစ်သည်ဟူသော ယူဆချက်ကို ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံနေကြောင်း SSFIM က ဆိုထားသည်။
၂၀၁၈ ခုနှစ်တွင် ထွက်ရှိခဲ့သည့် MyAsia Consulting၏ သဘာ၀ ပတ်၀န်းကျင်ဆိုင်ရာ ထိခိုက်မှု အစီရင်ခံစာများအရ နမ္မတူရေကာတာသည် တည်ဆောက်မှု ကုန်ကျစရိတ် အနည်းဆုံး အမေရိကန်ဒေါ်လာ ၄၃၆ မီလီယံ ရှိကြောင်း သိရသည်။
အဆိုပါ စီမံကိန်းဆောက်လုပ်လွှဲပြောင်းခွင့် (BOT) တွင် မည်သည့် သဘောတူညီချက်များ ပါရှိပြီး NCEH အနေဖြင့် ကုန်ကျစရိတ်များပြားသော စီမံကိန်းအတွက် ငွေကြေးများကို မည်သို့ရရှိထားပုံကို တရား၀င်ထုတ်ဖော်ထားခြင်းမရှိဟု SSFIM က ထောက်ပြထားသည်။
နမ္မတူရေကာတာ စီမံကိန်းသည် တရုတ်-မြန်မာရထားလမ်း စီမံကိန်းအတွက်သာဖြစ်ပြီး ဒေသခံများအတွက် ဆိုးကျိုးဖြစ်ထွန်းစေမည်ဖြစ် ကြောင်း ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု စောင့်ကြည့်ရေးအဖွဲ့ (SSFIM) ပြောရေးဆိုခွင့်ရှိသူ ခမ်းလူက ဝေဖန်သည်။
“ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားတွေ ကိုယ့်ဒေသ သယံဇာတကို စီမံခန့်ခွဲခွင့်ရှိတဲ့ ဖက်ဒရယ်မရမချင်း ဒီစီမံကိန်းနဲ့ အလားတူ စီမံကိန်းတွေကို ရပ်တန့်စေချင်ပါတယ်”ဟု ၎င်းက ဆိုသည်။
MyAsia Consulting၏ အစီရင်ခံစာတွင် သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ ထိခိုက်မှု လေ့လာမှုအဆင့်အတွင်း ရေကာတာ စီမံကိန်းနှင့် ပတ်သက်သည့် မြောက်မြားစွာသော ဆိုးကျိုးသက်ရောက်မည့်ဖြစ်စဉ်များကို ဖော်ပြထားသော်လည်း လူထုအား တရား၀င်ချပြထားမှု မရှိသေးကြောင်းလည်း SSFIM ထောက်ပြထားသည်။
လက်ရှိတွင် အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ရှမ်းအရပ်ဖက်အဖွဲ့အစည်းများက ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများသို့ အိတ်ဖွင့်ပေးစာ ပေးပို့ကာ ဒေသခံများနှင့်အတူရပ်တည်ရန်၊ ရေကာတာ တည် ဆောက်ရေးလုပ်ငန်းများကို မည်သည့်နည်းနှင့်မဆို ကူညီတားဆီးရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
နမ္မတူမြစ်ပေါ်တွင် တည်ဆောက်နေသည့် ရေကာတာ စီမံကိန်းများကို ရပ်တန့်ပေးရန် ဒေသခံ လက်မှတ် ၁,၈၀၀ ကျော်ပါဝင်သည့် အိတ်ဖွင့်ပေးစာကို ၂၀၂၀ ခုနှစ်အတွင်းကလည်း ဒေသခံများက နိုင်ငံတော်အတိုင်ပင်ခံရုံးသို့ ပေးပို့ခဲ့ကြဖူးသည်။
ယခု နမ္မတူ ရေကာတာစီမံကိန်းသည် နမ္မတူမြစ်ပေါ်တွင် တည်ဆောက်ရန်စီစဥ်ထားသော ရေကာတာစီမံကိန်း ငါးခုအနက် တတိယမြောက် ရေကာတာဖြစ်ကြောင်း သိရသည်။ mizzima