ခင်ဦးတွင် စစ်ကောင်စီတပ်က ၁ ရက်တည်းတွင် ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး၊ ဒေသခံထောင်ချီထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ယမန်နေ့ မေလ ၁၉ ရက် တစ်ရက်တည်းတွင် ကျေးရွာ နှစ်ရွာကို မီးရှို့ ဖျက်ဆီးခဲ့၍ အနီးရှိ ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။
ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာဘက်မှ လာသည့် စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ယမန်နေ့ နေ့လယ်ပိုင်းတွင် အောင်ချမ်းသားကျေးရွာ နှင့် ညနေပိုင်း တွင် ကံသစ်ကျေးရွာတို့ကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
“အောင်ချမ်းသာရွာမှာ နေအိမ် နှစ်လုံး ၊သုံးလုံးလောက်ပဲ ရှို့သွားတယ်ကြားတယ်။ ညနေပိုင်းမှာ ကံသစ်ကျေး ရွာကို ဝင်တယ် ။ အဲ့ညနေပိုင်းက စပြီး မီးတင်ရှို့တယ် ညလုံးပေါက်လည်းရှို့တယ်။ဒီနေ့ မနက်ပိုင်းမှာလည်း ရှို့ထားခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ကံသစ်ကျေးရွာ၏ ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့ မသိရသေးကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။
၎င်းက “ကံသစ်ကျေးရွာ ရဲ့ ပျက်စီးမှုကိုတော့ မသိရသေးဘူး။ ဒေသခံတွေ ရှင်းလင်းရေး မဝင်ရသေးတာကော ပြန်မရောက်ကြသေးတာရောကြောင့် မသိရသေးဘူး” ဟု ပြောသည်။
ထိုစစ်ကောင်စီစစ်ကြောင်းသည် ယနေ့ မေလ ၂၀ ရက်နေ့ မနက်ပိုင်းတွင် ခင်ဦး-ရေဦး ကားလမ်းအတိုင်း ရေဦးနယ်ဘက်သို့ ထွက်ခွာသွားပြီး လမ်းတစ်လျှောက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
ယင်းစစ်ကောင်စီစစ်ကြောင်းသည် ရွှေ့ဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာမှနေအိမ်များ ဆိုင်ကယ်များ ထော်လာဂျီများကို မီးရှို့ ဖျက်ဆီးခဲ့ပြီးနောက် လိပ်ရကုန်းကျေးရွာကိုလည်း ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့သေးကြောင်းသိရသည်။ mizzima