ခွေးလေးအာမီဆီ ရောက်သွားတဲ့ ရဲတွေရဲ့ သေနတ် ၂လက်

ရေးမြို့မရဲစခန်းမှူးနှင့် ခေါဇာမြို့မရဲစခန်းမှူးအား ပစ်ခတ်ရှင်းလင်းပြီးနောက် သိမ်းယူခဲ့သည့် သေနတ်နှစ်လက်ကို မစ်ရှင်ဖော်ဆောင်ပြီး ရှစ်လခန့်အကြာတွင် ရေးဘီလူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ဖော်ပြသသည်။
မွန်ပြည်နယ်၊ရေးမြို့နယ်မှ ရေးမြို့မရဲစခန်းမှူး ဒုရဲမှူးလှဌေးနှင့် ခေါဇာမြို့မရဲစခန်းမှူးအား ရေးဘီလူးအဖွဲ့က ပြီးခဲ့သည့်နှစ် ၂၀၂၂ခုနှစ် နိုဝင်လာလနှင့် စက်တင်ဘာလတွင် ပစ်ခတ်ရှင်းလင်းပြီး အဆိုပါ စခန်းမှူးနှစ်ဦး ကိုင်ဆောင်သည့် သေနတ်နှစ်လက်ကို သိမ်းယူခဲ့သည်။ ယနေ့ မေလ ၂၀ရက်တွင် ရေးဘီးလူးအဖွဲ့က ၎င်းတို့မွေးထားသည့် ခွေးတစ်ကောင်၌ အီကွေးမန့်( equipment) ဝတ်ဆင်ပေးကာ သေနတ်နှစ်လက် ချိတ်ဆွဲပြီး လူမှုကွန်ရက်၌ပြသခြင်းဖြစ်သည်။ အဆိုပါ ခွေး၏ နာမည်မှာ Army ဟု သိရသည်။
” ဒီသေနတ်နှစ်လက်ရဲ့ ပိုင်ရှင်တွေက နယ်နယ်ရရတော့မဟုတ်ဘူး။ ခေါဇာမှာဆိုရင် ခေါဇာရဲစခန်းမှာ အကြီးဆုံးဖြစ်တဲ့ စခန်းမှူးရဲ့ သေနတ်တစ်လက်ဖြစ်တယ်။ ရေးမြို့မ ရဲစခန်းမှာဆိုရင်လည်း ဗဟိုစခန်းမှုး။ အကြီးဆုံး စခန်းမှူး ရဲ့ သေနတ်တွေပေါ့ဗျာ။ အဲ့ဒီအတိုနှစ်လက်လုံးက စခန်းမှူးနှစ်ယောက်ရဲ့ သေနတ်တွေပေါ့” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
အဆိုပါသေနတ်နှစ်လက်သည် ခြောက်လုံးပြူးအမျိုးအစားဖြစ်သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကဆိုသည်။ ရဲစခန်းမှူးအဆင့်က ကိုင်သော သေနတ်သည် အဆင့်မမီ၍ ၎င်း၏တပ်ဖွဲ့ဝင်များကိုပင် မကိုင်စေဘဲ ခွေးကိုသာ တပ်ဆင်ပေးထားခြင်းဟု ၎င်းက အရွှန်းဖောက်ထား သည်။ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းမှူးနှစ်ဦး၏ သေနတ်နှစ်လက်အား ခွေးတစ်ကောင်နှင့်တွဲကာ ပြသထားကသော ရေးဘီလူးအဖွဲ့က ထုတ်ပြန်သည့် ဓာတ်ပုံသည် လူမှုကွန်ရက်သုံးစွဲသူများကြားတွင် ပျံ့နှံ့ခဲ့သည်။
” ရခမှူး(ရဲစခန်းမှူး) ၂ယောက်ပေါင်းအရည်အချင်းကို Army က အေးဆေးပဲ”ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုထားသည်။
ရေးမြို့မစခန်းမှုးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ရေးမြို့၊ တပ်ရင်း (၁၉) နားရှိ အာရှလမ်းမပေါ်၌ ရေးဘီလူးအဖွဲ့က သေနတ်ဖြင့် ပစ် ခတ်ရာ သေဆုံးခဲ့သည်။ခေါဇာမြို့မစခန်းမှုးသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရေးမြို့၊ ကဗျာကြီးကျေးရွာတွင် ရေးဘီလူးအဖွဲ့ ၏ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်ဟု သိရသည်။
ရေးဘီလူးအဖွဲ့သည် မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်တွင် အခြေစိုက်ပြီး စစ်ကောင်စီတပ်နှင့် စစ်ကောင်စီဒေါက်တိုင်များအား မကြာခဏ တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။ ရေးဘီလူးအဖွဲ့ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင်ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်ပြုတ်ကျ သည်အထိ တိုက်ပွဲဝင်သွားမည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောထားသည်။ mizzima